ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ စစ်သွေးကြွတွေ ပစ်ခတ်မှုဖြစ်၊ ငါးဦးသေဆုံး
2023.07.08

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေကို ICC ရှေ့နေ လာရောက်မှတ်တမ်းယူပြီး နာရီပိုင်းအကြာမှာ ပြိုင်ဘက် ရိုဟင်ဂျာစစ်သွေးကြွအဖွဲ့တွေ ကြား စခန်းတွင်း ပစ်ခတ်မှုဖြစ်ပြီး စစ်သွေးကြွ ငါးဦး သေဆုံးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ဇူလိုင် ၇ ရက်နေ့က ထုတ်ပြန်ပါတယ်။
စခန်းတွင်းက ပြိုင်ဘက်အဖွဲ့ နှစ်ခုဖြစ်တဲ့ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSA နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO တို့ ထိပ်တိုက်တွေ့ဆုံ ပစ်ခတ်မှုဖြစ်ခဲ့တာလို့ စခန်းတွင်းလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ ပြောခွင့်ရသူက AFP သတင်းဌာနကို ပြောကြားပါတယ်။
ICC ရှေ့နေနဲ့ ဒုက္ခသည်တွေ တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင် Ebadullah အသတ်ခံရပြီးနောက် နာရီပိုင်းအတွင်းမှာ အခုလို ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိစခန်းမှာ လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း အဲဒီရဲအရာရှိက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေကတော့ ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ စစ်သွေးကြွတွေ ခြေကုပ်ယူထားတာမရှိကြောင်း ငြင်းဆိုပါတယ်။
နိုင်ငံတကာတရားရုံး ICC ရှေ့နေ Karim AA Khan ဟာ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံက ဖြိုခွဲမှုတွေကို မျက်မြင်ကြုံခဲ့ရသူတွေရဲ့ ပြောကြားချက်တွေကို မှတ်တမ်းယူဖို့ ဇူလိုင် ၆ ရက် ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကို ရောက်လာခဲ့တာဖြစ်ပါတယ်။