KIA လူသစ်စုဆောင်းမှု ရှမ်းမျိုးနွယ်စုများ ဆန္ဒပြမည်
2013.12.16

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက မကြာခဏဆိုသလို ဒေသခံ ရှမ်းတိုင်းရင်းသားတွေကို အဓမ္မစစ်သားသစ် စုဆောင်းနေတဲ့ အတွက် ကချင်ပြည်နယ်အတွင်းက ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး အခုရက်ပိုင်းအတွင်း ဆန္ဒထုတ်ဖော်ဖို့ မြိ့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဒီဇင်ဘာ ၁၅ ရက် မနေ့က စာတင်ထားတယ်လို့သိရပါတယ်။
ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်ထဲက မန်ဖွ၊ ဟန်ထက်စတဲ့ ကျေးရွာတွေအပြင် တနိုင်း၊ တာမခံ၊ ဆင်ဘိုစတဲ့ မြို့ရွာတွေမှာ ကေအိုင်အေက အဓမ္မတပ်သားသစ် စုဆောင်းတာ အပြင် ငွေကြေးကောက်ခံနေတာကြောင့် ဆန္ဒပြဖို့စီစဉ်ရတာလို့ ဗန်းမော်မြို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ နာယကတစ်ဦးဖြစ်သူ ဦးစိုင်းသာဇုံက RFA ကို ပြောပါတယ်။
“ရှမ်းရွာ ၁၄ ရွာရှိတယ်ခင်ဗျ၊ အဲဒီကနေပြီးတော့မှ တစ်ရွာကို ၁၅ ယောက်စီပေးရမယ်လို့ ရွာအုပ်ချုပ်ရေးမှူးဆီမှာ တောင်းတယ်ခင်ဗျ၊ မန်စီဘက်မှာဆိုလည်း လယ်လုပ်နေတဲ့ တောင်သူ လယ်သမားတွေ၊ စပါးချွေနေတဲ့အချိန်မှာလည်း ဖမ်းခေါ်သွားတယ်၊ အဲဒီ ၄ ရက်နေ့မှာ ၂၁ ယောက်ပါသွားတယ်၊ ၇ ရက်နေ့ကျတော့ ၄ဝ လောက်ပါသွားတယ်၊ နောက် ၈ ရက်နေ့မှာ ထပ်ပြီးဖမ်းတယ်ခင်ဗျ၊ လူပေါင်း ၃ဝ ကျော်လောက်ပါသွားတယ်၊ ကေအိုင်အေတို့ရဲ့ လူ့အခွင့်အရေး ချိုးဖောက်လာတဲ့ ရှမ်းလူမျိုးတွေရဲ့ကိုယ်စား တစ်ပြည်နယ်လုံးမှာရှိတဲ့ အင်အားနဲ့ ဆန္ဒဖော်ထုတ်ပြတာပါ”
အခုလအစောပိုင်းက အဖမ်းခံခဲ့ရတဲ့ ရှမ်းလူငယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြစ်ကြီးနားမြို့အခြေစိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က သွားရောက်ဆွေးနွေးတောင်းဆိုခဲ့ပေမယ့်လည်း အောင်မြင်မှုမရှိဘူးလို့ ဦးစိုင်းသာဇုံက ပြောပါတယ်။
ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်ကို ပြီးခဲ့တဲ့တစ်ပတ်က ဆက်သွယ်မေးမြန်းကြည့်ရာ အဲဒီလို တပ်သားသစ် စုဆောင်းတာတွေ မရှိကြောင်း ငြင်းဆိုပါတယ်။
ရှမ်းမျိုးနွယ်စုတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးတွေအပါအဝင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO စတဲ့အဖွဲ့အစည်းတွေကို အကူအညီပေးဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။