တိုက်ခိုက်မှုရပ်တန့်ဖို့ သမ္မတထံ ရှမ်းခေါင်းဆောင်တွေ စာပေးပို့တောင်းဆို
2014.10.04
ရှမ်းပြည်နယ်မှာပြန်ဖြစ်လာတဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ အမြန်ဆုံးရပ်ဖို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့လက်နက် ကိုင်တော်လှန်ရေးအဖွဲ တွေရဲ့ ခေါင်းဆောင်တွေက သမ္မတဦးသိန်းစိန် ဆီကို မနေ့က စာတစောင်ရေးသားပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဘန်ကောက်မြို့မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ ရှမ်းခေါင်းဆောင်တွေရဲ့ အစည်းအဝေးမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးပြီးတဲ့နောက် အခုလိုတောင်းဆိုလိုက်တာလို့ ရှမ်းတိုင်းရင်းသားများ SNLD ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က RFA ကိုပြောပါတယ်။
" သမ္မတကြီး ဦးသိန်းစိန်ဆီ လိပ်မူပြီးတော့ စာပို့ထားပါတယ်၊ ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်တန့်ဖို့ တကယ်လို့ ဒီပုံစံအတိုင်းသာ ဆက်ဖြစ်နေရင် SSA ကိုယ်တိုင်က ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားပြီးသားဖြစ်တယ်၊ အဲ့ဒါကြောင့်မို့ ငြိမ်းချမ်းရေးစာချုပ် ငြိမ်းချမ်းရေး ကတိကဝတ်ကို ဖောက်ဖျက်ရာကျတယ်ပေ့ါ၊ အဲ့လိုအနေအထားမျိုးကနေ အမြန်ဆုံးရပ်တန့်ပေးဖို့ဆိုပြီးတော့ သမ္မတကြီး ဦးသိန်းစိန်ဆီကို ကျွန်တော်တို့ စာပို့ထားပါတယ်"
အဲဒီစာကို SSA နာယက ဒုတိယဗိုလ်ချုပ်ကြီးဆေထင်၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ RCSS/SSA ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်၊ ဦးကိုင်ဖတို့ လက်မှတ်ထိုးကြတယ်လို့ ပြောပါတယ်။
ရှမ်းပြည်နယ် ကျေးသီးဒေသမှာ အခြေစိုက်ထားတဲ့ SSPP/SSA တပ်စခန်းတွေကို အစိုးရစစ်တပ်က ထိုးစစ်ဆင်ခဲ့တဲ့အတွက် အပစ်အခပ်ရပ်ထားတဲ့ အခြေအနေကနေ စစ်ပြန်ဖြစ်တဲ့ အခြေအနေကို ရောက်ခဲ့ပါတယ်။
အဲဒီထိုးစစ်ကြောင့် SSPP/SSA ဘက်က တာဖာဆောင်းစခန်းကို မနေ့က ဆုတ်ခွာပေးလိုက်တဲ့နောက်မှာတော့ စစ်တပ်ဘက်က အပစ်ရပ်လိုက်တယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့က ရှမ်းခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲကိုတော့ ဒီနေ့အဆုံးသတ်ခဲ့ပြီး ရှမ်းပြည်နယ်နဲ့ မြန်မာနိုင်ငံအရေးတွေကို အားလုံးပူးပေါင်းပြီး လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ အချက် ၃ ချက်ပါတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း ပြေလည်မှု မရရှိသေးတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချူပ်မူကြမ်းနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆက်ဆွေးနွေးနိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၁၆ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ တစ်နေရာမှာ ဒီကနေ့ အစည်းအဝေး စတင်ကျင်းပနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။