သစ်ခုတ်သူများ စစ်တပ်ကဖမ်းလ့ို UWSA နဲ့ တင်းမာမှုပေါ်ပေါက်
2015.06.05

ရှမ်းပြည်အရှေ့ပိုင်း ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာရှိတဲ့ မုတ်ဆိပ်သစ်တောကြိုးဝိုင်းမှာ သစ်ခုတ်သူ ၆ ဦးကို မိုင်းတုံမြို့ အခြေစိုက် ခမရ ၅၉၁ တပ်က ဖမ်းဆီးလိုက်တာကြောင့် "ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။
သစ်တောကြိုးဝိုင်းမှာ ဖမ်းဆီးရမိတဲ့ သစ်တွေကို စစ်ဆေးစဉ် အစိုးရတပ်မတော်နဲ့ UWSA တပ်တွေအကြား တင်းမာမှုတွေ ဖြစ်ခဲ့တယ်လို့ မိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက ပြောပါတယ်။
"ပုံပါကျင်နဲ့ မိုင်းတုံမြို့နယ်ကြားမှာပေါ့ သစ်တောကြိုးဝိုင်းနားမှာ သစ်ခုတ်နေတဲ့အဖွဲ့တစ်ဖွဲ့ကို သွားတွေ့တယ်၊ အဲ့ဒါ တရုတ်လူမျိုးတွေတဲ့ ၆ ယောက်၊ အဲ့ ၆ ယောက်ကို တပ်မတော်က ဖမ်းသွားတယ်ဗျ၊ မနေ့ကတော့ ကျနော်တို့ စုပေါင်းအဖွဲ့နဲ့ ပြည်သူ့ရဲတွေရော သစ်တောတွေရောပေါ့ အဲ့ဒီသစ်တွေကို လာတိုင်းတဲ့အချိန်မှာ "ဝ" အဖွဲ့က ကားအစီး ၂ဝ နဲ့ သူတို့စစ်သားတွေတင်ပြီးတော့မှ လာဝိုင်းထားတယ်ပြောပါတယ်ခင်ဗျ၊ ပစ်ခတ်မှုတော့ မကြားရပါဘူး"
အဖမ်းခံထားရသူတွေဟာ တရုတ်လူမျိုးတွေဖြစ်ကြပြီး သူတို့တွေဟာ "ဝ" တပ်မတော်နဲ့ ဆက်နွယ်နေတယ် လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းနေပြီး "ဝ" တပ်မတော်ဘက်က ဖမ်းဆီးထားတဲ့ သူတို့လူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ခုတ်ယူထားတဲ့သစ်တွေကို ပြန်ပေးဖို့တောင်းဆိုထားတယ်လို့ သိရပါတယ်။