ဖွံ့ဖြိုးရေးအတွက် တရုတ်-မြန်မာ စီးပွားရေးလမ်းကြောင်းကို အသုံးချဖို့ UWSA ဆုံးဖြတ်
2025.02.20

“ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA/ UWSP) က နိုင်ငံခြားဆက်ဆံရေး တိုးမြှင့်ဖို့နဲ့ တရုတ်-မြန်မာ စီးပွားရေးလမ်းကြောင်းကို အသုံးပြုပြီး စီပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရေး အပါအဝင် အချက် ကိုးချက်ကို အခုနှစ်မှာ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်ကြောင်း UWSA ရဲ့ သတင်းတွေကို ဖော်ပြနေတဲ့ Wa News Land ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရေးသားထားပါတယ်။
UWSA ရဲ့ ၂၀၂၄ အတွက် နှစ်ချုပ်အစည်းအဝေးကို ဌာနချုပ်ရှိရာ ပန်ဆန်းမြို့မှာ ဖေဖော်ဝါရီလ ဒုတိယပတ်က ငါးရက်ကြာ ကျင်းပပြီးနောက် ၂၀၂၅ ခုနှစ်အတွက် ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အစည်းအဝေးကို UWSA စစ်ဦးစီးချုပ် ဦးပေါက်ယိုချမ်း အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ပါတယ်။
အခုနှစ်အတွင်း အကောင်အထည်ဖော်မဲ့ အချက် ကိုးချက်ထဲမှာ မန်ဆိုင်သတ္တုတွင်း ပြန်ဖွင့်ဖို့၊ တရားမဝင် လုပ်ငန်းတွေကို ထိန်းချုပ်ဖို့၊ လျှပ်စစ်ဓာတ်အား ပိုထုတ်ဖို့ စတဲ့အချက်လည်း ပါဝင်ပါတယ်။
ဒီဆုံးဖြတ်ချက်တွေအရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပြန်ပွင့်ဖို့ ညှိနှိုင်းလာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“တရုတ်ရဲ့ စီးပွားရေးစင်္ကြံစီမံကိန်းထဲက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မူဆယ်-မန္တလေး လမ်းကြောင်းမှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ စစ်ကောင်စီက ညှိနှိုင်းဆွေးနွေးလို့ မရနိုင်ဘူး။ အဲဒီလမ်းကြောင်းတွေ ပွင့်သွားဖို့ UWSA က ညှိနှိုင်းဆွေးနွေးပေးနိုင်တယ်ဆိုရင် တရုတ်ကလည်း ကြိုဆိုမှာပါ။ ဒါကြောင့် အဲဒီစီးပွားရေးလမ်းကြောင်းကို UWSA က လုပ်နိုင်ရင် ကုန်သွယ်ရေးလမ်းကြောင်း ပွင့်သွားနိုင်ပါတယ်”
၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်နဲ့ ပန်လုံမြို့တွေကို မြောက်မိုင်းညီနောင် မဟာမိတ်အဖွဲ့တွေက သိမ်းပိုက်ပြီးနောက် UWSA ထံ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဟိုပန်၊ နမ့်တစ်၊ နာဝီး၊ ပန်လုံမြို့ လေးခုပေါင်းပြီး ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲပြီး UWSA က သူရဲ့ အုပ်ချုပ်ရေးနယ်မြေကို တိုးချဲ့ခဲ့ပါတယ်။