ဟိုပန်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ရာကျော် ဖမ်းမိ

RFA Burmese
2025.02.23
ဟိုပန်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ရာကျော် ဖမ်းမိ အွန်လိုင်းငွေလိမ်လုပ်ငန်းတွင် ဖမ်းမိသည့် တရုတ်နိုင်ငံသားအချို့ကို “ဝ”တပ်ဖွဲ့ တာဝန်ရှိသူများက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် တရုတ်အစိုးရထံ လွှဲပြောင်းပေးနေစဥ်။
Wa News Land

“ဝ”တပ်ဖွဲ့ ထိန်းချုပ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုပန်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ဆက်စပ်တဲ့ တရုတ်နိုင်ငံသား တစ်ရာကျော် ဖမ်းဆီးရမိတယ်လို့ ဟိုပန်မြို့ခံတွေက ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းမှာ ဟိုပန်မြို့အတွင်းက မိန်းပန်ရပ်ကွက်ထဲကို “ဝ”ရဲတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် တရုတ်နိုင်ငံသား တစ်ရာကျော်ကို ဖမ်းဆီးရမိခဲ့တာလို့ ဟိုပန်မြို့ခံတွေက ပြောပါတယ်။

ဖမ်းဆီးရမိတဲ့သူတွေထဲမှာ တရုတ်နိုင်ငံသား တစ်ရာကျော် ပါဝင်ပြီး တရုတ်နိုင်ငံကို ပြန်လွှဲမယ်လို့ “ဝ”တပ်ဖွဲ့ရဲ့ လားရှိုးရုံး ဆက်ဆံရေးတာဝန်ခံ ကိုညီရမ်းက ပြောပါတယ်။

“တရုတ်နိုင်ငံသား တစ်ရာကျော် ပါတယ်။ မြန်မာနိုင်ငံသားကတော့ အနည်းစုပါပဲ။ ဖမ်းမိတဲ့ ကျားဖြန့်အဖွဲ့တွေကို ကျွန်တော်တို့ တရုတ်ကို လွှဲပြောင်းဖို့ ရှိပါတယ်။ အရင်တုန်းကလည်း လုပ်နေတဲ့ ပုံစံအတိုင်းပါပဲ”

စုစုပေါင်း ဖမ်းဆီးရမိထားတဲ့သူ ၁၀၅ ဦးရှိပြီး အဲဒီထဲမှာ တရုတ်နိုင်ငံသား အများဆုံး ပါဝင်တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဟိုပန်မြို့ခံတစ်ဦးက ပြောပါတယ်။

“ရပ်ကွက်တွေထဲမှာ သတင်းရလို့ ဝင်ရှာတော့ မိတာ။ တရုတ်နိုင်ငံသားတွေလည်း ပါတယ်။ ရပ်ကွက်ထဲက လူတချို့လည်း ပါသွားတယ်”

ဟိုပန်မြို့ပေါ်မှာ ဖမ်းဆီးမှုတွေ ရှိပြီးနောက်ပိုင်း အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) အများစုဟာ ကျေးရွာတွေဘက်ကို နေရာရွှေ့ပြောင်းနေကြတယ်လို့ သူက ဆိုပါတယ်။

၂၀၂၄ နိုဝင်ဘာအတွင်းကလည်း UWSA “ဝ” တပ်ဖွဲ့ထိန်းချုပ်တဲ့ တန့်ယန်းမြို့နယ် အတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူ တစ်ထောင်ကျော်ကို “ဝ” တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၇၆၂ ဦးကို တရုတ်နိုင်ငံကို ပြန်လွှဲပေးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။