ရှမ်းနဲ့ တအာင်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ညီလာခံပြုလုပ်
2017.04.30

တအာင်းလူမျိုးနဲ့ရှမ်းလူမျိုးအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ညီလာခံကို လားရှိုးမြို့က ဂေါက်ကလပ် ဟိုတယ် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
အဲဒီ ညီလာခံကို ရှမ်းအဖွဲ့အစည်းဘက်က ကော်တိုင်းနဲ့ တအာင်း အဖွဲ့ဘက်က တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တို့က ပူးပေါင်းပြီး အဆင့် ၆ ဆင့်ပါတဲ့ သဘော တူညီချက်တွေအရ ပြုလုပ်တာဖြစ်ပေမယ့် တအာင်းအဖွဲ့အစည်းဘက်က တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
"ကျနော်တို့က စတင်ပြီးတော့ ပူးပေါင်းမယ်လို့ဆိုပေမယ့်လည်း နောက်ဆုံးမှာတော့ ကျနော်တို့က သူတို့နဲ့ ခုနက စာအုပ်အပေါ်မှာ အဆင်မပြေမှုတွေ အမြင်မတူမှုတွေ ရှိတဲ့အခါကျတော့ အဲဒါ ကျနော်တို့ TSYU အနေနဲ့ကျတော့ မပူးပေါင်းတော့ဘူးဆိုပြီး ပြန်ပြီးသူတိုနဲ့ ပြန်တွေ့ပြီး သဘောထားကျ သွားတာပေါ့"
ဒီကနေ့ ပွဲမှာ ထုတ်ဝေတဲ့ သုတေသန စာတမ်းဟာ တအာင်းနဲ့ ရှမ်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အထောက် အကူမပြုနိုင်တဲ့အတွက် ဒီနေ့ အခမ်းအနားကို မတက်ရောက်တာဖြစ်တယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က ကိုဇရက် ကပြောပါတယ်။
ညီလာခံ မတက်ရောက်နိုင်ပေမယ့် တအာင်းနဲ့ရှမ်းလူမျိုးကြား ရင်ကြားစေ့ရေးအတွက် ဆက်လက်ပူးပေါင်း သွားမယ်လို့တအာင်းကျောင်းသား နဲ့ လူငယ်အဖွဲ့ကပြောပါတယ်။
ရှမ်းနဲ့ တအာင်းအဖွဲ့တွေရဲ့ သုသေသနပြုချက်အရ စစ်ပွဲဖြစ်တဲ့ ဒေသတွေမှာ နှစ်ဖက် လက်နက်ကိုင်တွေ က ဒေသခံတွေကို ဖမ်းဆီးတာ၊သတ်ဖြတ် တာ၊နေအိမ်တွေမီးရှို့တာ၊ လူသစ်စု ဆောင်းတာ၊ စတဲ့ အချက်တွေကြောင့် လူမျိုး တစ်မျိုးနဲ့တစ်မျိုး စိတ်ဝမ်းကွဲမှုကိုပိုမိုဖြစ်ပေါ်စေတယ်လို့ဆိုပါတယ်။
အဲဒီ သုတေသန တွေ့ရှိချက်တွေကို ရှမ်း လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ RCSS ၊ SSPP တပ်ဖွဲ့တွေကို ပေးပို့ ထားပေမယ့် SSPP အဖွဲ့ကပဲ သဘောထား မှတ်ချက်ပြန်ပေးပို့ လာတယ်လ့ို သိရပါ တယ်။
ဒီနေ့အခမ်းအနားကို ကော်တိုင်းအဖွဲ့က လူငယ်တွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်တွေ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လူဦးရေ နှစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။