မြောက်ကိုရီးယား နျူကလီးယား ကိစ္စ ထုတ်ဖော် ပြောကြားရေး ဖိအားပေးသင့်
2011.11.28

(Photo: RFA)
အထက်လွှတ်တော်မှာ သြဇာရှိတဲ့ နိုင်ငံရေးခြားရေးရာ ကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ထိပ်တန်း ရီပါပလစ်ကန် အထက်လွှတ်တော် အမတ် Mr. Lugar က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ မြန်မာခရီးစဉ် မတိုင်ခင် အခုလို ပြောလိုက်တာပါ။
မြန်မာ အမေရိကန် ဆက်ဆံရေး ပြန်လည် ကောင်းမွန်ဖို့ အတွက် ဦးစားပေးရမယ့် အချက်တွေထဲမှာ မြန်မာနိုင်ငံက နျူကလီးယား စီမံကိန်း ဘယ်အဆင့်ရှိနေပြီး ဘယ်လို ရည်ရွယ်ချက်တွေ ရှိတယ် ဆိုတာ အပြည့်အစုံ ထုတ်ဖော် ပြသတာမျိုး ဖြစ်သင့်တယ်လို့ Mr. Lugar က ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲ လက္ခဏာရပ်တွေကို စုံစမ်း လေ့လာတာဟာ အချိန်အခါသင့် လုပ်ရပ် ဖြစ်ပေမယ့် အခုလို ဆက်ဆံရေး ပြန်ထူထောင်ဖို့ စဉ်းစားချိန်မှာ နီးနီးကပ်ကပ် ရှိခဲ့တဲ့ မြောက်ကိုရီးယားနဲ့ မြန်မာ အကြား ဆက်ဆံရေး၊ ၂ နိုင်ငံ စစ်တပ် ဆက်ဆံရေးတွေ အကြောင်း
အမေရိကန် ပြည်ထောင်စု အနေနဲ့ ထည့်သွင်း မေးမြန်းသင့်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံ အစိုးရက ပြုပြင် ပြောင်းလဲရေး ကတိကဝတ် ပေးထားတာဟာ ဘယ်အတိုင်းအတာထိ ရိုးသားမှု ရှိတယ် ဆိုတာကို လက်တွေ့ လုပ်ဆောင်မှုတွေနဲ့သာ အဆုံးအဖြတ် ပေးသင့်တယ်လို့လည်း အထက် လွှတ်တော် အမတ် Mr. Lugar က ပြောကြားပါတယ်။
တစ်ချိန်တည်းမှာ အမေရိကန် အစိုးရ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင် USCIRF ကလည်း မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ဖမ်းဆီး ထောင်ချထားတာ၊ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ပြီး ဖမ်းဆီးထားတာ၊ တိုင်းရင်းသားတွေရဲ့ ဘာသာရေး ယုံကြည်မှုကို ဖိနှိပ်တာတွေ ရှိနေဆဲ
ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံကို စိုးရိမ်စရာ နိုင်ငံအဖြစ် သတ်မှတ်ထားတာကို ဖယ်ရှားဖို့ မသင့်ကြောင်း၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ အမေရိကန် အစိုးရရဲ့ ဘာသာရေး ဆိုင်ရာ စိုးရိမ်မှုတွေကို ဆွေးနွေးဖို့ အခွင့်အခါ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးထံ အိတ်ဖွင့်ပေးစာ ပေးပို့ တိုက်တွန်းထား ပါတယ်။