နျူကလီးယားကုန်ကြမ်း ရောင်းဝယ်ရေးနဲ့ မဆက်နွယ်ဘူးလို့ RCSS ပြော

RFA Burmese
2024.02.25
နျူကလီးယားကုန်ကြမ်း ရောင်းဝယ်ရေးနဲ့ မဆက်နွယ်ဘူးလို့ RCSS ပြော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်အား၂ဝ၁၉ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ်။
Photo: RFA

နျူကလီးယားလက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံ ဓာတ်သတ္တုကုန်ကြမ်း ထုတ်လုပ်ရောင်းချတဲ့ကိစ္စဟာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နဲ့ မပတ်သက်ဘူးလို့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ငြင်းဆိုလိုက်ပါတယ်။

ဂျပန်ယာကူဇာဂိုဏ်းခေါင်းဆောင် တာကီရှီအီဘီဆာဝ (Takeshi Ebisawa )ကို မြန်မာနိုင်ငံကထွက်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံဓာတ်သတ္တုကုန်ကြမ်းရောင်းချဖို့ကြံစည်မှုနဲ့ စွဲချက်တင် အရေးယူလိုက်ကြောင်း အမေရိကန်တရားရေးဌာနက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာပါတယ်။

အဲဒီယာကူဇာဂိုဏ်းခေါင်းဆောင်ဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတွက် ကုန်သွယ်ပေးဖို့ ကြိုးပမ်းခဲ့တယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်လာပြီးနောက် ဗိုလ်ချုပ်ကြီး ယွက်စစ်ဘက်က ငြင်းချက်ထုတ်လာတာဖြစ်ပါတယ်။

RCSS အနေနဲ့ ထုတ်လုပ်ရောင်းချရေး အရောင်းအဝယ် ကိစ္စတွေကို ဘယ်သူနဲ့မှ ဆွေးနွေးခဲ့တာမရှိတဲ့အပြင် အဲဒီသတ္တုကုန်ကြမ်းတွေအကြောင်းတောင် နားမလည်ဘူးလို့ ဗိုလ်ချုပ်ကြီးယွက်စစ်က RCSS ရဲ့သတင်းဌာနဖြစ်တဲ့ Tai Freedom ကို အခုလို ပြောဆိုထားတာပါ။

စွပ်စွဲပြောဆိုမှုတွေဟာ တစ်ဖက်သတ်စွပ်စွဲပြောဆိုချက်တွေ၊ အခြေအမြစ်မရှိတဲ့ လုပ်ရပ်တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။

ယာကူဇာဂိုဏ်းခေါင်းဆောင်ကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာ ဖမ်းဆီးပြီး မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုနဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ အကြီးအကဲ ပါဝင်နေတယ်လို့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) အရာရှိရဲ့ အိတ်ပိတ်တိုင်ကြားချက်မှာ ဖော်ပြဖူးပါတယ်။

ဒါပေမဲ့ အမေရိကန်တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ RCSS လို့ ဖော်မပြထားဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့လို့သာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။