မြန်မာ့ နျူကလီးယားပစ္စည်းမှောင်ခိုမှုမှာ အပြစ်ရှိကြောင်း ယာကူဇာဂိုဏ်းခေါင်းဆောင် ဝန်ခံ
2025.01.09

မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေ မှောင်ခိုမှုနဲ့ အမေရိကန်တရားရေးဌာနက တရားစွဲဆိုထားတဲ့ ဂျပန် ယာကူဇာ ဂိုဏ်းခေါင်းဆောင်က သူ့မှာ အပြစ်ရှိကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ထွက်ဆိုတယ်လို့ တရားရေးဌာနက ပြောကြားပါတယ်။
မြန်မာနိုင်ငံက ယူရေနီယံနဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့အထိ အဆင့်ရှိတဲ့ ပလူတိုနီယံ အပါအဝင် နျူကလီးယားကုန်ကြမ်းတွေကို တခြားနိုင်ငံတွေကို ရောင်းချဖို့ ကွန်ရက်တစ်ခုက လူတွေနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမှာ အပြစ်ရှိကြောင်း အသက် ၆၀ ရွယ် တာကေရှီ အီဘီဆာဝါ Takeshi Ebisawa က နယူးယောက် တရားရုံးမှာ ထွက်ဆိုတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဒါတင်မက နိုင်ငံတကာ မူးယစ်ဆေးဝါးနဲ့ လက်နက်မှု စွဲချက်တွေအတွက်လည်း သူ့မှာအပြစ်ရှိကြောင်း ထွက်ဆိုပါတယ်။
အီရန်နိုင်ငံက နျူကလီးယားလက်နက်တွေမှာ သုံးဖို့အတွက် မြန်မာနိုင်ငံက နျူကလီးယားကုန်ကြမ်းတွေ လျှို့ဝှက်ကုန်သွယ်ရောင်းချမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ဒီယာကူဇာဂိုဏ်းခေါင်းဆောင်ကို အမေရိကန်အာဏာပိုင်တွေက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာ တရားစွဲခဲ့ပါတယ်။
၂၀၂၂ တုန်းကလည်း နိုင်ငံတကာမူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ လက်နက်မှုတွေနဲ့ သူ့ကို တရားစွဲဆိုခဲ့ပါတယ်။
တစ်ချိန်တည်းမှာ မြန်မာနိုင်ငံက စစ်မြေပြင်တွေမှာ သုံးဖို့ မြေပြင်က ဝေဟင်ပစ်ဒုံးလို လက်နက်ကြီးတွေနဲ့ လဲလှယ်ဖို့ သူဟာ ဘိန်းဖြူနဲ့ methamphetamine စိတ်ကြွဆေးပြားအမြောက်အမြားကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ပြီး မူးယစ်ဆေးဝါးက ရရှိတဲ့ငွေတွေကို နယူးယောက်ကနေ တိုကျိုပို့ပြီး ငွေကြေးခဝါချတယ်လို့ တရားရေးဌာနကြေညာချက်မှာ ပါရှိပါတယ်။
သူ့အမှုကို အမေရိကန်၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံက အာဏာပိုင်တွေကြား ပူးပေါင်းဆောင်ရွက် စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။