ရေအားနဲ့ နေရောင်ခြည်စွမ်းအင်က လျှပ်စစ်ထုတ်ဖို့ ရုရှားနဲ့ စစ်ကောင်စီဆွေးနွေး
2024.02.21

Updated 3:02 PM Feb 22, 2024
ရေအားလျှပ်စစ်နဲ့ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားထုတ်ယူရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ စစ်ကောင်စီနဲ့ ဖေဖော်ဝါရီလ ၂၀ ရက်က နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး မစ္စတာ အန်ဒရေး ရူဒန်ကို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖော်ပြခဲ့တာပါ။
ရေအားလျှပ်စစ်ဓာတ်အား ထုတ်ယူမှုနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်ယူမှုတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့၊ နျူကလီးယား နည်းပညာအတွက် ပူးပေါင်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံအတွက် ဓာတ်မြေဩဇာ လုံလုံလောက်လောက်ရဖို့ စတာတွေကို ရုရှားကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ဆွေးနွေးတာထက် လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ စေတနာအမှန်နဲ့ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ရန်ကုန်မြို့နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေအပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေ ရှိနေပြီး ၂၀၂၃ ခုနှစ်ကစလို့ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးမယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တစ်နိုင်ငံလုံးက လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ တစ်ဝက်ကိုတောင် ပြည့်မီအောင် မဖြည့်ဆည်းပေးနိုင်သေးဘူးလို့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၈ ရက်က ဝန်ခံပြောဆိုဖူးပါတယ်။
စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ဖို့အတွက် ၂၀၂၃ အောက်တိုဘာလက ကာဇက်စတန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ဖိုရမ်မှာလည်း အကူအညီတောင်းခဲ့ဖူးပါတယ်။