နျူကလီးယား အဆင့်မြင့်နည်းပညာ လေ့ကျင့်ပေးဖို့ တရုတ်ကို စစ်ကောင်စီတောင်းဆို

RFA Burmese
2023.09.18
နျူကလီးယား အဆင့်မြင့်နည်းပညာ လေ့ကျင့်ပေးဖို့ တရုတ်ကို စစ်ကောင်စီတောင်းဆို အာဆီယံ-တရုတ် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းစွာအသုံးပြုခြင်း ဖိုရမ်တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေအား ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
Ministry of Foreign Affairs Myanmar

မြန်မာကို နျူကလီးယား အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး လေ့ကျင့်ပေးဖို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေက တရုတ်အစိုးရကို စက်တင်ဘာလ ၁၆ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံ နန်နင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ-တရုတ် နျူကလီးယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခြင်းဖိုရမ်မှာ အခုလို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ကျန်းမာရေးနဲ့ စွမ်းအင်ကဏ္ဍတွေမှာ နျူကလီးယား အဆင့်မြင့်နည်းပညာတွေ အသုံးပြုနိုင်ရေးအတွက် တောင်းဆိုခဲ့တာလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နျူကလီယားနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုတာဟာ စွမ်းအင်၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ ပတ်ဝန်းကျင်းထိန်းသိမ်းရေး ကဏ္ဍတွေအတွက် အသုံးဝင်ပြီး ပြည်သူလူထုရဲ့ လူနေမှုအရည်အသွေးကို မြင့်တက်စေတယ်ဆိုပြီး စစ်ကောင်စီရဲ့ မြန်မာသံအမတ် ဦးတင်မောင်ဆွေက ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီရဲ့ ဒီလိုတောင်းဆိုချက်ဟာ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်အတွက် ကြိုးပမ်းချက်လို့ ပြောပါတယ်။

“မြန်မာကလည်း နိုင်ငံတကာမှာ သူ့အနေနဲ့ ကူရာမဲ့ကယ်ရာမဲ့ ဖြစ်နေတဲ့အချိန်မှာ နျူကလီးယားလက်နက်ရရှိဖို့ သူတို့ ကြိုးပမ်းမှာပါ။ အဲဒီအတွက် ပထမအဆင့်က နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ သူကလမ်းစရှာနေတယ်။ ဒီအပေါ်မှာ တရုတ်က သူတို့ကို ကူညီမလားလို့ သူတို့အနေနဲ့ သွေးတိုးစမ်းနေတဲ့ သဘောဖြစ်တယ်လို့ ကျွန်တော်က ယူဆပါတယ်”

စစ်ကောင်စီဟာ နျူကလီးလက်နက်ပိုင်တဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ မြောက်ကိုရီးယား နိုင်ငံနိုင်ငံနဲ့လည်း သံတမံဆက်ဆံရေး ပြန်လည်ထူထောင်ခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးတင်မောင်ဆွေကိုပဲ မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ် အဖြစ် ပူးတွဲခန့်အပ်ကြောင်း စက်တင်ဘာလ ၁၁ ရက်မှာ စစ်ကောင်စီက သတင်းထုတ်ပြန် ခဲ့ပါတယ်။

စစ်ကောင်စီဟာ ရုရှားနိုင်ငံနဲ့လည်း နျူးကလီးယားစွမ်းအင်ရရှိရေးကိစ္စတွေ ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။

စစ်ကောင်စီနဲ့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom State Corporations) တို့ ပူးပါင်းပြီး မြန်မာနိုင်ငံထဲမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရေး အပါအဝင် နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် (၁၄) ခုမှာ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။