ဖားကန့်မြို့နယ် ဆယ်ဇင်းတပ်စခန်းကို KIA သိမ်းယူ

RFA Burmese
2024.04.24
ဖားကန့်မြို့နယ် ဆယ်ဇင်းတပ်စခန်းကို KIA သိမ်းယူ ရှေ့တန်းတစ်နေရာမှ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ်။
Kachin News Group

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာက ဗျူဟာအရအရေးပါတဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဧပြီလ ၂၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

အင်အား ခုနစ်ဆယ်ခန့်နဲ့ တပ်စွဲထားတဲ့ တပ်စခန်းကို ဧပြီလ ၂၀ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ငါးရက်အကြာမှာ သိမ်းယူနိုင်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
 
“သိမ်းလို့ရပြီးဆိုတဲ့သတင်းတော့ ရပါပြီ။ မြေပြင်အခြေအနေ အသေးစိတ်တော့ မသိသေးဘူး။ ဆယ်ဇင်းက ဖားကန့်အနောက်ဘက်က အရေးကြီးတဲ့စခန်းဖြစ်ပါတယ်။ မိုးညှင်း အင်းတော်ကြီးဘက်ကို လုံခြုံရေးယူထားတဲ့စခန်းလည်း ဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ စခန်းဖြစ်တဲ့အတွက် ဗျူဟာအရ အရေးကြီးတဲ့စခန်း ဖြစ်ပါတယ်”
 
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေအခြေအနေတွေကို သူက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ဆယ်ဇင်းဒေသခံတွေကတော့ တပ်စခန်းကို ဧပြီလ ၂၄ ရက်နေ့မနက် အပြီးသတ်သိမ်းပိုက်မှုမှာ KIA ဘက်က လက်နက်တွေအများအပြား သိမ်းဆည်းရမိတယ်လို့ ပြောပါတယ်။
 
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
 
ဧပြီလ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့နယ် မိုးကောင်း-ဖားကန့်ကားလမ်းပေါ်က နန့်ယားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
 
၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်စခန်း ခြောက်ဆယ်ကျော်ကို KIA က သိမ်းယူနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။