ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ရဲအောင်တို့ကို စစ်တပ်က အငြိမ်းစားပေး

NLD အစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီးဖြစ်ခဲ့သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို စစ်တပ်က အငြိမ်းစားပေးလိုက်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့မှာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့ညနေကပြောပါတယ်။
“ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ကို အငြိမ်းစားပေးလိုက်တယ်။ အငြိမ်းစား ပေးလိုက်ပြီး တော့ ဒီနေ့ စစ်မှုထမ်းဟောင်း ညီလာခံလုပ်တယ်။ ဗိုလ်ချုပ်ကြီး စိန်ဝင်းက စစ်မှုထမ်းဟောင်းအဖွဲ့ရဲ့ ဥက္ကဋ္ဌ ဖြစ်တယ်။ ဗိုလ်ချုပ်ကြီး ရဲအောင်က ဒု-ဥက္ကဋ္ဌ လုပ်တယ်။ သူတို့ကို အဲမှာ တာဝန်ပေးချင်လို့ နားခိုင်းရတာ။ ဒီနေ့ စစ်မှုထမ်းဟောင်း ညီလာခံမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်တယ်။ အဲဒီမှာပဲ သူတို့ကို ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ ခန့်လိုက်တယ်”
စစ်မှုထမ်းဟောင်းအဖွဲ့မှာ တာဝန်ပေးချင်ရင် အငြိမ်းစားမပေးဘဲနဲ့ ခန့်အပ်လို့မရလို့ အခုလို အနားပေးရတာ ဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးတာဝန်တွေမှာ ပိုပြီးတော့မှ ပါဝင်နိုင်ရေး စွမ်းဆောင်ပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ညီလာခံမှာ မှာကြားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေအရ စစ်တပ်မှာ လူအင်အားလိုအပ်နေချိန်ဖြစ်ပြီး မွန်ပြည်နယ်ဘက်မှာလည်း စစ်မှုထမ်းဟောင်းအဖွဲ့ မိသားစုတွေအနေနဲ့ စစ်မှုထမ်းကြဖို့ စစ်တပ်က လိုက်လံစည်းရုံးနေတယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်ပေါ်နေပါတယ်။
အရပ်သား NLD အစိုးရလက်ထက် ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးဝန်ကြီးဌာန သုံးခုအတွက် ဒုတိယဗိုလ်ချုပ်ကြီး သုံးယောက် ရှိခဲ့တဲ့အထဲမှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးစပ်မှုရှိတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလထဲမှာ အနားပေးခံခဲ့ရပါတယ်။
သူ့နေရာကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို တာဝန်ပေးခဲ့ပြီး အခုချိန်အထိ ပြည်ထဲရေးဝန်ကြီးအဖြစ် ဆက်ရှိနေပါသေးတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို တပ်ချုပ်က အမည်စာရင်း တင်သွင်းပေးရတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲပြီးလို့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါမှာတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ဟာ ဝန်ကြီး တာဝန်တွေကနေ အနားယူလိုက်ရပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မတီမှာ တပ်မတော် အရန်အင်အားအဖြစ် သွားရောက်တာဝန်ထမ်း ဆောင်နေရတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဟာ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်လာပြီး နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကစထမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဖြစ်လာပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း အပတ်စဉ် - ၅၄ က ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ်ကနေ အနားယူပြီး ၂၀၁၆ ခုနှစ် NLD အစိုးရလက်ထက်မှာ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသူတစ်ဦး ဖြစ်ပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်ကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၃၂ က ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စစ်ဥပဒေချုပ်၊ ၂၀၁၃ ခုနှစ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့် တိုးမြင့်ခံရပြီးတော့ NLD အစိုးရလက်ထက်မှာ နယ်စပ်ရေးရာ ဝန်ကြီး ဖြစ်လာသူတစ်ဦး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌကတော့ ဗိုလ်မှူးချုပ် အောင်သော်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကိုးကိုးကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။