NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တားနဲလ်အမှု တရားလို စတင်စစ်ဆေး

2021.11.25
NLD အစိုးရ စီးပွားရေးအကြံပေး ရှောင်တားနဲလ်အမှု တရားလို စတင်စစ်ဆေး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွားရေးဆိုင်ရာအကြံပေး မစ္စတာ ရှောင်တားနဲလ်တို့ကို ၂၀၂၁ ခုနှစ်က တွေ့ရစဥ်
Photo: Sean Turnell's Facebook

NLD အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် တာဝန်ယူ ခဲ့တဲ့ ဩစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တားနဲလ်ကို စွဲထားတဲ့ အမှုနှစ်ခုထဲက မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ- ၃ (၁)(ဂ) နဲ့ ပတ်သက်လို့ တရားလိုဖြစ်တဲ့ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မျိုးလွင်ကို ဒီကနေ့ နေပြည်တော် အထူးတရားရုံးမှာ စတင်စစ်ဆေးခဲ့ပါတယ်။

ရဲမှူး အောင်မျိုးလွင်ရဲ့ ထွက်ဆိုချက်၊ ကွန်ပျူတာနဲ့ စာရွက်စာတမ်းတွေမှာ တွေ့ရှိချက်တွေအရ ဒီအမှုမှာ ပါမောက္ခ ရှောင်တားနဲလ် သာမက သူနဲ့အတူ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံဘဏ္ဍာနဲ့စက်မှု ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်း တို့ကိုပါ စစ်ကောင်စီဘက်က တရားစွဲထားတာပါ။

တရားစွဲခံထားရသူ ငါးယောက်စလုံးကို ဒီကနေ့ လူကိုယ်တိုင်ရုံးထုတ်ခဲ့ပြီး ကျန်းမာရေး ကောင်းမွန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

"သူတို့ လွှတ်ချင်တဲ့အခါ လွှတ်တယ်။ ဖမ်းချင်တဲ့အခါ ဖမ်းတယ်။ အခုလည်း ဒီသဘောပါပဲ”

နိုင်ငံတကာနယ်ပယ်မှာပါ ရိုက်ခတ်စေမယ့် ဒီလိုတရားစွဲမှုမျိုးက မဖြစ်သင့်ဘူး၊ မစ္စတာ ရှောင်တားနဲလ်ကို သံသမန်ကျင့်ဝတ်အရ အရေးမယူသင့်ဘူးလို့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့် က ထောက်ပြဝေဖန်ပါတယ်။

“ကိုယ့်နိုင်ငံရဲ့ စီးပွားရေးအတွက် ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ အကြံပေးတဲ့လူတွေကတော့ တစ်အချက် သံတမန်ကျင့်ဝတ်အရ အရေးမယူသင့်ဘူးပေါ့။ ပြောမယ်ဟေ့ဆိုရင်တော့ သူ့ကို ခန့်ထားတဲ့အစိုးရက တာဝန်ခံပြီးဖြစ်တဲ့အတွက် မစ္စတာ ရှောင်တားနဲလ်အပေါ်မှာတော့ ရာဇဝတ်ကြောင်းအရ ပါဝင်သက် ရောက်မှု ရှိဖို့မသင့်ဘူးပေါ့။ နိုင်ငံတကာနဲ့ဆက်ဆံတဲ့ သံသမန်ကျင့်ဝတ်ပေါ့ နိုင်ငံတကာ နယ်ပယ်မှာပါ လိုက်လိုက်ပြီး ရိုက်ခတ်စေမယ့် ဖြစ်ရပ်မျိုးကတော့ ဒါမဖြစ်သင့်ဘူးလို့ ကျနော်တို့က ဒီအတိုင်းပဲမြင်တယ်”

မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်ဥပဒေ ပုဒ်မ - ၃ (၁)(ဂ) ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ နီးပါး၊ မြန်မာနိုင်ငံ လွပ်လပ်ရေးမရခင် ဗြိတိသျှအစိုးရလက်ထက် ၁၉၂၃ ခုနှစ်ကတည်းက ပြဌာန်းခဲ့တာဖြစ်ပြီး ပြစ်မှုထင် ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်နိုင်ပါတယ်။

စစ်ကောင်စီက ပါမောက္ခ ရှောင်တားနဲလ်ကို အစိုးရလျှို့ဝှက်ချက်များ ဥပဒေပုဒ်မ - ၃ (၁) (ဂ) အပြင် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ပါ တရားစွဲထားပါတယ်။

အဲဒီအမှုနှစ်ခုစလုံးကို နေပြည်တော် အထူးတရားရုံးမှာ တပြိုင်တည်း စစ်ဆေးနေပြီး၊ မစ္စတာ ရှောင်တားနဲလ် တစ်ဦးတည်းကိုစွဲထားတဲ့ လူဝင်မှုကြီးကြပ်ရေး အမှုကတော့ ဒီနေ့မှာ တရားလို ရောက်မလာတာကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။ အစိုးရလျို့ဝှက်ဥပဒေနဲ့ စွဲထားတဲ့အမှုကတော့ ဒီကနေ့ စစ်ဆေးတာ မပြီးပြတ်တဲ့ အတွက် နောက်တစ်ပတ် ကြာသပတေးနေ့ ဒီဇင်ဘာ ၂ ရက်နေ့ကို ရုံးချိန်းထပ်ချိန်းထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

စစ်ကောင်စီက ဩစတြေးလျနိုင်ငံသား ပါမောက္ခ မစ္စတာရှောင်တားနဲလ်ကို ဖမ်းဆီးတရားစွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်ရှိ ဩစတြေးလျသံရုံးနဲ့ ကင်ဘာရာမြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်ကြားရေးဌာနခွဲ တို့ကို RFA က အီးမေးလ်ကတဆင့် စာရေးမေးမြန်းခဲ့ပေမယ့် တုံ့ပြန်ချက် တစ်စုံတစ်ရာ မရသေးပါဘူး။

စစ်အာဏာသိမ်းပြီးကတည်းက အဖမ်းခံထားရတဲ့ ပါမောက္ခ ရှောင်တားနဲလ်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သြစတြေးလျ တပ်မတော် ဒု-ဦးစီးချုပ်က မြန်မာစစ်တပ် ဒုကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဖုန်းဆက်ပြီး တောင်းဆိုခဲ့ကြောင်း နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

မစ္စတာ ရှောင်တားနဲလ်ကို ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် NLD အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့အတူ ဖမ်းဆီးထားတာဟာ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားမရှိဘဲ အကြောင်း ရှာပြီး ဖမ်းထားတာဖြစ်တဲ့အကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရီစ်ပန်က မတ်လ ၇ ရက်နေ့က ပြောကြားခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးတရားစွဲခံထားရတဲ့ အမေရိကန် သတင်းစာဆရာ ဒန်နီဖန်းစတားကို မကြာသေးခင်ကပဲ ပြန်လွှတ်ပေးခဲ့တာမို့ မစ္စတာ ရှောင်တားနဲလ်ကိုရော ပြန်လွှတ်ပေးဖို့ ရှိ၊ မရှိ စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ လောလောဆယ် မရှိသေးဘူးလို့ ပြောပါတယ်။

“သူ့တော့လောလောဆယ်မှာတော့ မရှိသေးဘူးလို့ အဲလိုပဲ ပြောလို့ရမှာပေါ့။ သူကတော့ ယခင်တုန်းကတော့ ဦးကျော်ဝင်း အရင်ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်းတို့ စီမံကိန်းနဲ့ဘဏ္ဍာရေး စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးဝင်း တို့ နောက် ဦးဆက်အောင်တို့ အဲဒီသုံးဦးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုး စီးပွားထိခိုက်စေတဲ့ ရည်ရွယ်ချက်တစ်ခုခုနဲ့ သတင်းအချက်အလက် ရယူခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်း တင်ခြင်း ဒါတွေလုပ်တာ တွေ့ရှိရတဲ့ အတွက်ကြောင့်မို့လို့ ဖမ်းဆီးခံရတာဖြစ်ပါတယ်။ အခုလောလော ဆယ်မှာတော့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာ သံရုံးကနေ ကောင်စစ်ဝန်ဆိုင်ရာနဲ့ ၂၁ ကြိမ် စကားပြော ဆိုခွင့်ပြုပြီး စာရေးသားဆက်သွယ်ခွင့် ငါးကြိမ် ပြုလုပ်ထားပါတယ်“

sean-turnell.jpg
(အင်းစိန်ထောင်မှာ မစ္စတာ ရှောင်တားနဲလ်ကို ဇူလိုင် ၂၈ ရက်နေ့က ကျန်းမာရေးစစ်ဆေးနေစဉ်) AFP Photo

စီးပွားရေးပညာရှင် ပါမောက္ခရှောင်တားနဲလ်ကို အရေးယူထားတဲ့ အမှုတွေဟာ စစ်ကောင်စီက လိုသလို ဖန်တီးတည်ဆောက်ထားတဲ့ အမှုတွေသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ဝေဖန်ပါတယ်။

“ရှောင်တားနဲလ်လို ပညာရှင်တစ်ယောက်ကိုလည်း ရမယ်ရှာပြီးတော့ အချက်အလက်တွေ ဖန်တီးပြီးတော့ ဒီနေ့လို နိုင်ငံတော် လျှို့ဝှက်ချက်တွေကို ပေါက်ကြားမှုဆိုတဲ့ ကြံဖန်ဆင်ထားတဲ့ အမှုနဲ့ ဒီနေ့ အရေးယူ တယ်ဆိုတာက စကစရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲ။ ရှောင်တားနဲလ် တစ်ယောက်တည်းတင် မဟုတ်ပါဘူး။ ဒန်နီ ဖန်းစတားလည်း အဲဒီအတိုင်းပါပဲ။ သူတို့ လွှတ်ချင်တဲ့အခါ လွှတ်တယ်။ ဖမ်းချင်တဲ့အခါ ဖမ်းတယ်။ အခုလည်း ဒီသဘောပါပဲ”

အခုအမှုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာကျဆင်းအောင်နဲ့ NLD ပါတီရဲ့ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ ဖယ်ရှားချင်တဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလို့လည်း ဦးသန်းစိုးနိုင်က ဝေဖန်ပါတယ်။

မစ္စတာ‌ ရှောင်တားနဲလ်ဟာ ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ မက်ကွိုင်းယား (Macquarie) တက္ကသိုလ်၊ မြန်မာ ဖွံ့ဖြိုးရေးအင်စတီကျူ့မှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး အဲဒီတက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် ပါမောက္ခ တစ်ဦးဖြစ်ပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးအဖြစ် ဩစတြေးလျ Reserve Bank (Reserve Bank of Australia) မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး အာရှတိုက်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကစိတ်ဝင်စားသူ၊ သက္ကရာဇ် ၂၀၀၀ ကစလို့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ NLD အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၂၀၁၇ ခုနှစ်ကတည်းက စတင် လုပ်ကိုင်ခဲ့ပြီး၊ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးထိန်းသိမ်းခံရတဲ့ NLD အစိုးရနဲ့နီးစပ်တဲ့ နိုင်ငံခြားသား ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။