အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နေအိမ် ၇၅၁ လုံး ချိပ်ပိတ်သိမ်းဆည်းခံရ

RFA Burmese
2023.04.26
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း နေအိမ် ၇၅၁ လုံး ချိပ်ပိတ်သိမ်းဆည်းခံရ ကန့်ဘလူမြို့နယ် NLD ပါတီ တိုင်းလွှတ်တော်အမတ် ဦးနေဇင်လတ်၏နေအိမ် ချိပ်ပိတ်ခံထားရသည်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း တစ်နိုင်ငံလုံးက နေအိမ်ပေါင်း ၇၅၁ လုံး ချိတ်ပိတ် သိမ်းဆည်းခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့ နေအိမ်တွေဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကိုယ်စားလှယ်၊ ပါတီဝင်တွေနဲ့ အရပ်သား ပြည်သူ ၆၃၆ ဦးရဲ့ ပိုင်ဆိုင်မှုတွေဖြစ်တယ်လို့ ဆိုပါတယ်။

ကန့်ဘလူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်အမတ် ဦးနေဇင်လတ်က ချိပ်ပိတ်ခံရတဲ့အထဲမှာ သူ့နေအိမ်နှစ်လုံးလည်းပါတယ်လို့ RFA ကို ပြောပါတယ်။

"၂၀၂၁ ခုနှစ် အစောပိုင်းထဲက ကျွန်တော်မိဘတွေပိုင်ဆိုင်တဲ့ အိမ်ရယ်၊ ယောက္ခမတွေ ပိုင်ဆိုင်တဲ့ အိမ်ရယ်ကို ချိပ်ပိတ်လိုက်တယ်ပေါ့။ ကာလတန်ဖိုးက သိန်းထောင်နဲ့ချီတော့ ရှိမယ်။ မတရားသဖြင့် အာဏာလု၊ လူသတ်နေတဲ့ စစ်ကောင်စီက ဒီလိုအိမ်တွေ ချိပ်ပိတ်သိမ်းဆည်းတာကိုတော့ ထွေထူးပြီး မပြောချင်တော့ပါဘူး"

ချိပ်ပိတ်သိမ်းဆည်းခံထားရတဲ့အထဲမှာ စားသောက်ဆိုင်၊ ဆေးရုံဆေးခန်း၊ တည်းခိုခန်း၊ ဟိုတယ်၊ စျေးဆိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေ အများဆုံးပါဝင်နေတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AAPP က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ချိပ်ပိတ်သိမ်းဆည်းခံရသူတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံအားပေးတာကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးဖို့ရည်ရွယ်တာဖြစ်သလို လက်တွေ့ဖမ်းဆီးတာတွေနဲ့ ဆက်စပ်ပြီးတော့ ချိပ်ပိတ်ခံရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။