ကချင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိပ်ပိတ်ခံရ

2022.06.30
ကချင်လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နေအိမ် ချိပ်ပိတ်ခံရ ချိတ်ပိတ်ခံရသည့် ဖားကန့်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနေအိမ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းနဲ့ မြစ်ကြီးနားမြို့က NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်တွေကို စစ်ကောင်စီက ဇွန်လ ၂၉ ရက် မနေ့က ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှာရှိတဲ့ သူ့ရဲ့နေအိမ်ကို မနေ့က အင်အား အလုံးအရင်းနဲ့ လာပြီး ချိပ်ပိတ်သွားကြတာလို့ နေအိမ်ချိပ်ပိတ်ခံရတဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။

“လူအင်အားအလုံးအရင်းနဲ့ အိမ်စီးကားတွေနဲ့ ရောက်လာပြီး ချိပ်ပိတ်သွားတယ်။ အကြောင်းပြချက်ကတော့ သူတို့ရဲ့အကြမ်းဖက်မှုဥပဒေနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ ချိပ်ပိတ်တာပေါ့၊ ဒါက မျှော်လင့်ပြီးသားလည်း ဖြစ်တော့ ဘာမှ ထွေထွေထူးထူးတော့ မခံစားရပါဘူး”

အခုသိမ်းဆည်းခံထားရတဲ့ နေအိမ်တွေနဲ့ ပတ်သက်လို့ ပြည်သူတွေရဲ့ တော်လှန်ရေး အောင်မြင်သွားချိန်မှာ ပြန်ရဖို့ ယုံကြည်ထားတယ်လို့ သူက ပြောပါတယ်။

အလားတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်မှာရှိတဲ့ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်ရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီက မနေ့က လာရောက်ချိပ်ပိတ်သွားတယ်လို့ အဲဒီရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

အဲဒီလွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနဲ့ မိသားစုဝင်တွေကတော့ တိမ်းရှောင်နေကြ ရတာကြောင့် သူတို့ရဲ့နေအိမ်တွေ ချိပ်ပိတ်ခံရချိန်မှာ နေအိမ်မှာ လူနေထိုင်ခြင်း မရှိဘူးလို့လည်း ပြောကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ လွှတ်တော် ဒုတိယဥက္ကဋ္ဌ တာဝန် ထမ်းဆောင်ခဲ့သူ ပူတာအို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခန်လင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ လက်ရှိအချိန် CRPH ကော်မတီအဖွဲ့ဝင် ဦးဝင်းနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သင်း စတဲ့ နေအိမ်တွေပါ ချိပ်ပိတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၉ ရက် မနေ့က ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ် မေလကုန်ထိ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့ နေအိမ်၊ အဆောက်အအုံပေါင်း ၆၁၇ လုံးထက်မနည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။