ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအိမ် ချိပ်ပိတ်ခံရ

2022.05.25
ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌအိမ် ချိပ်ပိတ်ခံရ ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ) ခန်လင်
Photo - CJ

ကချင်ပြည်နယ် ပူတာအိုမြို့လုံးစွပ်ရပ်ကွက်မှာရှိတဲ့ ကချင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဦးဒိန်ခန်ဖုန်(ခ) ခန်လင်ရဲ့ အိမ်ကို ဒီကနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး လာရောက်ချိပ်ပိတ်သွားတယ်လို့ ဒေသခံက ပြောပါတယ်။

“ညနေကပဲ လာပိတ်သွားတယ်၊ ရဲတွေရော ဌာနဆိုင်ရာတွေရောပါတယ်။ အိမ်မှာ လူတော့မရှိဘူး”လို့ လုံးစွပ်ရပ်ကွက်နေ မျက်မြင်ဒေသခံက RFA ကိုပြောပါတယ်။

ဦးခန်လင်ဟာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပူတာအိုမြို့နယ် ပြည်နယ်အမှတ်(၂)က ဝင်ယောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး NLD အစိုးရ လက်ထက်မှာ ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာလည်း အဲဒီမဲဆန္ဒနယ်ကပဲ ပြန်လည်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ(NUG) သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ မြစ်ကြီးနား စီတာပူရပ်ကွက်က နေအိမ်ကိုလည်း စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့က ချိပ်ပိတ်ခဲ့ပါတယ်။

မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် အနိုင်ရကိုယ်စားလှယ်၊ လက်ရှိအချိန် CRPH ကော်မတီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဝင်းနိုင်ရဲ့ နမ္မတီးမြို့က အိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် ၉၁၇ ဦး ဖမ်းဆီးခံထားရပြီး ပါတီဝင် ၂၀၉ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီက သိမ်းဆည်းခဲ့တယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီက မေလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။