ကချင်ပြည်နယ်ဝန်ကြီးချုပ် အကျိုးဆောင်ရှေ့နေရဲ့ နေအိမ် ချိပ်ပိတ်ခံရ

2022.07.08
ကချင်ပြည်နယ်ဝန်ကြီးချုပ် အကျိုးဆောင်ရှေ့နေရဲ့ နေအိမ် ချိပ်ပိတ်ခံရ ချိပ်ပိတ်ထားခြင်းခံရသည့် ရှေ့နေ ဦးတင်ထွန်းသိန်း၏ နေအိမ်ကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - ဦးတင်ထွန်းသိန်း

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးတင်ထွန်းသိန်းရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကို ဇူလိုင်လ ၈ ရက် ဒီနေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ချိပ်ပိတ်သွားတယ်လို့ ဦးတင်ထွန်းသိန်းက ပြောပါတယ်။

အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်က နေအိမ်ကို ဒီနေ့မနက်ပိုင်းမှာ လာရောက်ချိပ်ပိတ်သွားတာလို့ ဦးတင်ထွန်းသိန်းက ပြောပါတယ်။

"မြို့ထဲမှာ (မြစ်ကြီးနား) ဖြစ်တဲ့ တော်လှန်ရေးဘက်တော်သားတွေရဲ့ လုပ်ဆောင်ချက် တွေဟာ ကျနော်နဲ့ ဆက်နွှယ်တယ်ဆိုပြီး စကစဘက်က အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။ တရားတဲ့ဘက်မှာ ရပ်တည်နေသေးသရွေ့ အိမ်ချိပ်ပိတ်ခံရလည်း ကျနော်တို့ မရှုံးသေးဘူးလို့ပဲ ပြောချင်ပါတယ်"

သူဟာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလို့ အရေးယူခံရသူတွေရဲ့ အမှုတွေကို အခမဲ့ ရှေ့နေလိုက်ပေးနေသူ ဖြစ်ပါတယ်။

ဦးတင်ထွန်းသိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြစ်ကြီးနားခရိုင် အတွင်းရေးမှူး တာဝန်ယူထားသူဖြစ်ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ မှာလည်း ဦးဆောင်ပါဝင်ခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတွေက ပြောပါတယ်။

ဒီနေ့ မနက်မှာပဲ NLD အစိုးရလက်ထက် ကချင်ပြည်နယ်အစိုးရအဖွဲ့ လီဆူ တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအာတီယောဟန်ရဲ့ မြစ်ကြီးနားမြို့က နေအိမ်ကိုလည်း စစ်ကောင်စီက ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၇ ရက် မနေ့ကလည်း ကချင်ပြည်နယ် မိုးကောင်းမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါ်ခင်မကြီးရဲ့ မိုးကောင်းမြို့က နေအိမ်လည်း ချိပ်ပိတ်ခံရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းတစ်နှစ်ကျော်အတွင်း ကချင်ပြည်နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးတွေ၊ NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ နေအိမ် ကိုးလုံးထိ ချိပ်ပိတ် ခံခဲ့ရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် လွှတ်တော်တော်ကိုယ်စားလှယ် ၁၁၉ ဦးအပါအဝင် ပါတီဝင် ၂၂၄ ဦးရဲ့ နေအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို စွပ်စွဲချက်မျိုးစုံနဲ့ ချိပ်ပိတ်ခံခဲ့ရတယ်လို့ NLD ပါတီက ဇူလိုင်လ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။