အာဏာသိမ်းမှုကိုဆန့်ကျင်လို့ အိမ် ၅၈၆ လုံးကျော် ချိပ်ပိတ်ခံရတယ်လို့ ISP ထုတ်ပြန်

2022.05.28
အာဏာသိမ်းမှုကိုဆန့်ကျင်လို့ အိမ် ၅၈၆ လုံးကျော်  ချိပ်ပိတ်ခံရတယ်လို့  ISP ထုတ်ပြန် တန့်ဆည်မြို့ရှိ NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ နေအိမ်အား စစ်တပ်က ချိပ်ပိတ်ခဲ့စဉ်
Photo: CJ

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီကို ဆန့်ကျင်လှုပ်ရှား သူတွေရဲ့ နေအိမ်၊ အဆောက်အဦး စုစုပေါင်း ၅၈၆ လုံးထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ်ကာ သိမ်းဆည်းခဲ့တယ်လို့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က မေလ ၂၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်တဲ့သူတင်မဟုတ်ဘဲ ဆက်စပ်တဲ့ မိသားစုဝင်တွေရဲ့ နေအိမ်တွေကိုပါ ချိပ်ပိတ်သိမ်းဆည်းခဲ့တာလို့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့က နေအိမ် ချိပ်ပိတ်အသိမ်းခံရတဲ့ NLD ပါတီ ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဇင်လတ်က RFA ကို ပြောပါတယ်။

“သူတို့ကို ဆန့်ကျင်တာက ကျွန်တော်ဖြစ်ပေမယ့် ကျွန်တော့်မိဘအိမ်နဲ့ အမျိုးသမီး အိမ်ကိုပါ ချိပ်ပိတ်တယ်၊ ဆိုရှယ်မီဒီယာတွေမှာ ကျွန်တော့်မိသားစုဝင်တွေကိုပါ သတ်ဖြတ်ဖို့ဆိုပြီး ပျူစောထီးတွေက လှုံ့ဆော်ရေးသားတယ်။ အခုဆို မိသားစု တွေအားလုံး ရှောင်နေရတယ်၊ အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရတယ်”

ဒီလိုလုပ်ရပ်တွေက စစ်ကောင်စီရဲ့ မတရားတဲ့ အကြမ်းဖက်မှုတွေဖြစ်တယ်လို့လည်း ဦးနေဇင်လတ်က ဆိုပါတယ်။

(ISP-Myanmar) ရဲ့ ထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းက ၁၅၉ လုံးနဲ့ အများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းက ၁၂၂ လုံး၊ မန္တလေးတိုင်းက ၈၈ လုံး၊ မကွေးတိုင်းက ၄၈ လုံး၊ ဧရာဝတီတိုင်းမှာ ၄၇ လုံး ချိတ်ပိတ်ခံရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီထဲမှာ အရပ်သားတွေရဲ့ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်ခံရတာ အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ ချိပ်ပိတ်သိမ်းဆည်းခံရတဲ့အထဲမှာ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် တွေရဲ့ ပိုင်ဆိုင်မှုနေအိမ်၊ အဆောက်အဦး ၁၄၇ လုံး သိမ်းဆည်းခံခဲ့ရတယ်လို့ မဟာဗျူ ဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။