သံလွင်မြစ်ကော်မရှင်ဖွဲ့ဖို့ တရုတ်၊ ထိုင်းနဲ့ သံတမန်နည်းအရ ညှိနှိုင်းမယ်
2016.11.23

တရုတ်၊ မြန်မာနဲ့ ထိုင်းတို့ပါဝင်မယ့် သံလွင်မြစ်ကော်မရှင်ကို ဖွဲ့စည်းဖို့အတွက် သံတမန်လမ်းကြောင်းက ဆက်သွယ်ဆောင်ရွက်ပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားတယ်လို့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
ဒီကနေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ကယားပြည်နယ် အမှတ် ၉ မဲဆန္ဒနယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းရဲ့ သံလွင်မြစ်ကို ရေရှည်ပိုင်ပိုင်နိုင်နိုင် အသုံးပြုရေးအတွက် အနာဂတ်မှာ ကြုံတွေ့ရ ဖွယ်ရှိတဲ့ ပြဿနာ တွေ ကြိုတင်ကာကွယ်နိုင်ရန် တရုတ်နိုင်ငံနဲ့ ရေစီမံခန့်ခွဲမှု သဘောတူညီမှု ဆောင်ရွက်ဖို့ အစီအစဉ် ရှိ၊ မရှိမေးခွန်းကို ဖြေကြားရာမှာ အခုလို ထည့်သွင်းပြောကြားလိုက်တာပါ။
အဲဒီလို သံလွင်မြစ် ကော်မရှင်ဖွဲ့ဖို့အတွက် လာမယ့် ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ မန္တလေးမြို့မှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် JACCCN ကော်မတီအစည်းအဝေးမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ ညှိနှိုင်းသွားမယ်လို့လည်း ဝန်ကြီး ဦးသန့်စင်မောင်က ပြောပါတယ်။
သံလွင်မြစ်ဟာ အလျား ၂၈၁၅ ကီလိုမီတာရှိပြီးတရုတ်နိုင်ငံမှာ ၁၅၄၃ ကီလိုမီတာ၊ မြန်မာနိုင်ငံမှာ ၁၂၇၂ ကီလိုမီတာ နဲ့ မြန်မာ၊ ထိုင်းနယ်စပ်မြစ်အဖြစ် ၁၂၀ ကီလိုမီတာ စီးဆင်းနေတာဖြစ်ပါတယ်။