ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး အလုပ်အဖွဲ့ ဖွဲ့မှာကို စိုးရိမ်


2016.08.18

မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအလုပ်အဖွဲ့ HPWG- Hydropower Developers’ Working Group  ဖွဲ့စည်းမှာကို စိုးရိမ်တယ်လို့ သံလွင်မြစ်ထိန်းသိမ်းရေးကွန်ရက်က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

နိုင်ငံတကာငွေကြေးအဖွဲ့ IFC- International Finance Cooperation က ဦးစီးပြီး HPWG  ဖွဲ့စည်းဖို့ ဆွေးနွေး တယ်လို့ Save the Salween  သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်အဖွဲ့ဝင် စောသာဘိုးက ပြောပါတယ်။

"IFC ပေါ့နော် International Finance Cooperation က မြန်မာနိုင်ငံ Hydropower Developers’ Working Group ပေါ့နော်၊ ဒီရေကားလျှပ်စစ်ဖွံ့ဖြိုးရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးရေးလုပ်ငန်းကို အမြန်ဆုံးလုပ်နိုင်ဖို့ရန်အတွက် စွမ်းအင်လိုအပ်ချက်အတွက် အကောင်အထည်ဖော်နိုင်ဖို့ကို လုပ်နေတယ်"

ဒါဟာ မြန်မာနိုင်ငံက  ရေအားလျှပ်စစ်စီမံကိန်းတွေအတွက် SEA  လို့ခေါ်တဲ့ မဟာဗျူဟာမြောက်တဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်လေ့လာရေးလုပ်ဖို့ ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် IFC  က ရည်ရွယ်တာပါ။

ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဖြစ်နိုင်ချေရှိတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးအရ ထိခိုက်နိုင်တာတွေကို SEA  က လေ့လာဆန်းစစ်ဖို့ပါရှိပါတယ်။ ဒါပေမဲ့ ဒေသခံလူထုအနေနဲ့ အကာအကွယ်ရပိုင်ခွင့်တွေ မဆုံးရှူံးရေး၊  ဒေသခံတွေကို လေးစားရေး၊ ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းရေး စတာတွေ ဖော်ပြထားတာမရှိဘူးလို့ သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်အဖွဲ့က   ကြေညာချက်မှာ ပါရှိပါတယ်။

ထိခိုက်မှုနည်းပြီး ရေရှည်တည်တံ့စေနိုင်တဲ့နည်းနဲ့ ရေအားလျှပ်စစ်စီမံကိန်းကို ဘယ်လိုလုပ်နိုင်မလဲဆိုတာ လေ့လာ ဆန်းစစ်တာ မဟုတ်ဘဲ စီမံကိန်းနှောင့်နှေးနေတာနဲ့ အကုန်အကျများတာကို ရှောင်ရှားဖို့ ရည်ရွယ်တယ်လို့ တွေ့ရှိ ရတဲ့အကြောင်း ဖော်ပြပါတယ်။

အကြီးစား ရေကာတာစီမံကိန်းတွေကို အားပေးတယ်ဆိုရင် လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး သဘော တူညီချက်နဲ့ အပစ်အခတ်ရပ်စဲရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ်လို့ သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက် က ထောက်ပြပါတယ်။

ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံရေး အခင်းအကျင်းကို နက်နက်ရှိူင်းရှိူင်း မလေ့လာဘဲ တခြားနိုင်ငံတွေမှာ အကောင် အထည်ဖော်နိုင်တဲ့အတိုင်း မြန်မာနိုင်ငံမှာ နိုင်ငံတကာငွေကြေးအဖွဲ့ IFC က ပုံတူကူး အကောင်အထည်ဖော်လို့ မရဘူးလို့လည်း ဖော်ပြပါတယ်။ ဒါကြောင့်  မြန်မာ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးရေးအတွက် လူထုအခြေပြု ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်ကိုပဲ  အားပေးဖို့ သံလွင်မြစ်ထိန်းသိမ်းရေး ကွန်ရက်အဖွဲ့ဝင် တိုက်တွန်းထားပါတယ်။

သံလွင်မြစ် ထိန်းသိမ်းရေးကွန်ရက်အဖွဲ့ဝင် စောသာဘိုး ကို  RFA ဒေါ်စမ်းစမ်တင်က မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။