တရုတ် စီမံကိန်း ၆ ခု သံလွင်ကွန်ရက် ကန့်ကွက်


2016.02.22
salween-river-620.jpg သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်
Photo: Nay Thwae/RFA

တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပြီး ရှမ်း၊ ကယား နဲ့ ကရင်ပြည်နယ်မှာ ရေအားလျှပ်စစ်စီမံကိန်း ၆ခု တည်ဆောက်ဖို့ ပြင်ဆင်နေတာကို သံလွင်မြစ်ထိန်းသိမ်းကာကွယ်ရေးကွန်ရက်က ကန့်ကွက်ကြောင်း ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

အစိုးရချင်း သဘောတူထားတဲ့ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခုထဲမှာ ၆ခုလောက်က သံလွင်မြစ်ပေါ် မှာ ဆောက်လုပ်မှာဖြစ်တယ်လို့ သံလွင်မြစ် ထိန်းသိမ်းကာကွယ်ရေးကွန်ရက်အဖွဲ့ဝင် မိအားချိုင် က ပြောပါတယ်။

"လက်ရှိအစိုးရနဲ့ တရုတ်ကုမ္ပဏီတွေ လက်မှတ်ထိုးထားတာရှိတယ်၊ သူတို့ဖော်ပြထားတာကတော့ ရေကာတာ ၁၈ ခုပေါ့နော်၊  သံလွင်မြစ်ပေါ်မှာ အများဆုံးတည်ဆောက်သွားမှာပေါ့နော်၊ ၆ ခုကတော သေချာနေပြီ၊ ကျမတို့ပြန်လည်သုံးသပ်ပြီးတော့ အခုလက်ရှိအစိုးရရော နောင်တက်လာမယ့် အစိုးရသစ်တွေကို ဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ကျမတို့သိစေချင်လို့ ထုတ်ပြန်လိုက်တဲ့ သဘောပေါ့နော်"

သံလွင်မြစ်မှာ ငလျင်ပြတ်ရွေ့ကြောတွေရှိနေတဲ့အတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ ဆောက်လုပ်မယ်ဆိုရင် အန္တရာယ်ကြီးမားကြောင်း၊ အဲဒီစီမံကိန်းတွေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ရှိလာနိုင်ကြောင်းနဲ့ လာမယ့်အစိုးရသစ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နိုင်တဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေကို သံလွင်မြစ်ပေါ်မှာ မတည်ဆောက်ဖို့ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

တရုတ် နဲ့ မြန်မာအစိုးရတို့ဟာ ရေအားလျှပ်စစ်စီမံကိန်း ၁၈ ခု ဆောက်လုပ်ဖို့ သဘောတူထားပြီး စီမံကိန်း ဆိုင်ရာ ကိစ္စရပ်တွေဖြေရှင်းဖို့အတွက် သဘောတူညီချက်မူကြမ်းတွေကို ရေးဆွဲနေတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။