အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ ဆက်လုပ်နေ

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.07
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ စစ်ကောင်စီ ဆက်လုပ်နေ ၂၀၂၀ ခုနှစ်ကမြင်တွေ့ခဲ့ရသည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းအကောင်အထည်ဖော်မည့် နမ္မတူမြစ်တစ်နေရာ။
RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်မှာ ဒေသခံတွေကန့်ကွက်နေတဲ့ကြားကပဲ အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို စစ်ကောင်စီက ဆက်လက်အကောင်အထည်ဖော်နေပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ပင်မတမံ ကွန်ကရစ်လောင်းတာကို စတင်ဆောင်ရွက်ဖို့နဲ့ ၂၀၂၅ မတ်လမှာ လျှပ်စစ်ဓါတ်အား စတင်ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က မတ်လ ၇ ရက်နေ့မှာ ပြောလိုက်တာပါ။

ဒီစီမံကိန်းကြောင့် ရေကာတာအထက်ပိုင်းမှာရှိတဲ့ သီပေါမြို့နယ်က ကျေးရွာအုပ်စု ၁၁ စု၊ ရွာပေါင်းတစ်ရာကျော် ရေနစ်မြုပ်နိုင်ပြီး လူဦးရေလေးသောင်းနီးပါး ထိခိုက်နိုင်လို့ ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက ကန့်ကွက်ထားပါတယ်။

စီမံကိန်းကြောင့် သီပေါမြို့နယ်အတွင်းက ဘော်ကြို၊ မန်ဟဲ၊ ကျင်စီ၊ နမ့်အွန်၊ နားမခေါ်၊ နမ့်လန်၊လောဝ်ခွန်၊ ကုန်းဆော့၊ မန်မွန်း၊ ဟိုခဲနဲ့ ကောင်းခံ ကျေးရွာအုပ်စုတွေ ရေမြုပ်သွားမှာဖြစ်တယ်လို့ အခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှာ “နမ္မတူမြစ်အားကာကွယ်သူများအဖွဲ့” က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။

Sequence 01.00_00_16_03.Still009.jpg
အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေမြုပ်သွားမည့် တာလုံကျေးရွာအား ၂၀၂၀ ခုနှစ်က မြင်တွေ့ရစဉ်။ (Photo:RFA)

ရေကာတာအောက်ပိုင်းဒေသတွေမှာလည်း ရေခမ်းခြောက်သွားနိုင်တဲ့အတွက် ဒီစီမံကိန်းကို ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ကတည်းက ဒေသခံတွေက ကန့်ကွက်နေကြတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် နဝတ စစ်အစိုးရလက်ထက်ကတည်းက အကောင်အထည်ဖော်နေတဲ့ ဒီစီမံကိန်းကနေ လျှပ်စစ်ဓာတ်အား ၂၈၀ မီဂါဝပ် ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ဆက်စပ်စီမံကိန်းတစ်ခုဖြစ်တဲ့ သီပေါမြို့အထက်ဘက် ၁၃ မိုင်အကွာက မိုးတေကျေးရွာအုပ်စုမှာလည်း လျှပ်စစ်ဓတ်အား ၂၁၀ မီဂါဝပ် ထုတ်လုပ်မယ့် နမ္မတူရေအားလျှပ်စစ်စီမံကိန်းကို လုပ်ဆောင်နေပါတယ်။

အဲ့ဒီစီမံကိန်းကို တရုတ်နိုင်ငံသားတွေ ရှယ်ယာပါဝင်ထားတဲ့ Natural Current Energy Hydropower ကုမ္ပဏီနဲ့ စစ်ကောင်စီ ပူးပေါင်း အကောင်အထည်ဖော်နေတာလို့ “နမ္မတူမြစ်အားကာကွယ်သူများအဖွဲ့” က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။