မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ဖွဲ့စည်း
2024.05.21
ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မေ ၂၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး အမိန့်နဲ့ ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဧပြီ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာလို့ မေ ၁၇ ရက်နေ့ထုတ် ပြန်တမ်းစာစောင်မှာ ဖော်ပြထားပါတယ်။
စီမံကိန်းဦးဆောင်အဖွဲ့ကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်ကို အဖွဲ့ခေါင်းဆောင်တာဝန်ပေးထားပြီး စစ်ကောင်စီ အစိုးရအဖွဲ့ဝင် ၁၀ ဦးနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ထည့်သွင်း ဖွဲ့စည်းထားပါတယ်။
ဒီအဖွဲ့ဟာ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ စီမံကိန်းတွေ ညှိနှိုင်းဆောင်ရွက်ရေးမှာ အထောက်အကူပြုနိုင်ရေးကို ဆောင်ရွက်ဖို့ဆိုပြီး အမိန့်စာမှာ အချက်(၅) ချက်နဲ့ ဖော်ပြထားပါတယ်။
မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ဟာ သုတေသနလုပ်ငန်းအပါအဝင် နည်းပညာဆိုင်ရာ ဖြေရှင်းနိုင်ဖို့နဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နိုင်ဖို့ဆိုတဲ့အချက်နဲ့ ဖွဲ့စည်းလိုက်တာလို့ အမိန့်ကြေညာစာမှာ ဖော်ပြထားပါတယ်။
ဧရာဝတီမြစ်ဆုံ-မြစ်ညာရေအားလျှပ်စစ်စီမံကိန်းအတွက် SPIC Yunnan International Power Investment Co., Ltd ( SPICYN ) အဖွဲ့နဲ့ ပူးပေါင်းပြီး သုတေသနလုပ်ငန်းတွေ၊ နည်းပညာဆိုင်ရာလုပ်ငန်းတွေနဲ့ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွေကို စီမံခန့်ခွဲသွားဖို့လည်း ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းကို ပြည်သူတွေကန့်ကွက်တာကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းထားခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေ၊ လူမှုရေးဆောင်ရွက်သူတွေက မြစ်ဆုံစီမံကိန်းကို အပြီးတိုင်ဖျက်သိမ်းဖို့ တောင်းဆိုဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။