လာရောက်သူ မရှိသလောက်ဖြစ်သွားတဲ့ မြစ်ဆုံ

RFA Burmese
2023.04.30
လာရောက်သူ မရှိသလောက်ဖြစ်သွားတဲ့ မြစ်ဆုံ ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသကို ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့က တွေ့ရစဉ်။
RFA

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်ရဲ့အထင်ကရဖြစ်တဲ့ မြစ်ဆုံဒေသကို လာရောက်လည်ပတ်သူ မရှိသလောက်နည်းပါးသွားတာကြောင့် အဲဒီနေရာမှာ ဈေးရောင်းသူတွေ အခက်အခဲနဲ့ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြစ်ကြီးနားမြို့နဲ့ ၁၃ မိုင်ကျော်ဝေးတဲ့ မြစ်ဆုံဒေသကို အရင်ကလာရောက်လည်ပတ်သူ နေ့စဉ်တစ်ရာနီးပါး ရှိခဲ့ပေမယ့် အခုနောက်ပိုင်း လာရောက်လည်ပတ်သူမရှိတဲ့ရက် ပိုများလာတယ်လို့ ဒေသခံတွေကဆိုပါတယ်။

ရွှေအလွန်အကျွံတူးဖော်မှုကြောင့် အရင်ကြည်ကြည်လင်လင်ရှိခဲ့တဲ့ မလိခမြစ်ရေလည်း အရောင်ပြောင်းလာသလို ရေစီးလည်းနည်းလာတယ်လို့ မြစ်ဆုံဒေသကိုအမှီပြုပြီး ဒေသအစားအစာရောင်းနေသူတစ်ဦးက RFA ကို ပြောပါတယ်။

"ကြည့်လိုက်လေနော်၊ အရင်ကနဲ့ကိုမတူတာ သိမှာပဲ၊ အရင်ကဆိုရင် ပိတ်ရက် မဟုတ်တဲ့ ကြားရက်တွေတောင် ကားတွေအပြည့်၊ ဆိုင်တိုင်းမှာ လူအပြည့်ရှိကြတာ၊ အခုဆို လူတွေဘယ်ရောက်ကုန်လဲမသိ၊ လာကိုမလာကြတော့ဘူး၊ ရေဆိုရင်လည်း အရမ်းကိုနောက်သွားပြီ၊ ရွှေတွေမတရားတူးနေတော့ ကြာရင် မြစ်ဆုံ ပျောက်သွားတော့မလား မသိဘူး"

အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးကျပ်တည်းလာလို့ မလာကြတော့တာထက် ရွှေတူးဖော်မှုတွေကြောင့် မြစ်ဆုံအလှပျောက်သွားလို့ မလာကြတော့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"စီးပွားရေးကျပ်တည်းလို့ မလာကြတာဆိုရင် မြစ်ဆုံအနောက်မှပေါ်တဲ့ အောင်မြင်သာမှာ လူတွေစုပြုံပြီး ရောက်နေတာပဲလေ၊ အောင်မြင်သာမှာ ရွှေမတူးဘူးလေ၊ သဘာဝမပျက်စီးဘူးလေ၊ ရေလည်းကြည်တောက်နေတာ၊ ဒီလိုရေနောက်ပြီး အလှပျက်နေတဲ့သူကို ဘယ်လည်ပတ်သူက လာတော့မှာလဲ"

ရွှေအလွန်အကျွံတူးဖော်မှုတွေကို အမြန်ထိန်းချုပ်နိုင်မှသာ မြစ်ဆုံအလှ ပြန်ပေါ်လာမှာဖြစ်ပြီး လည်ပတ်သူတွေ ပြန်ရောက်လာမှာလို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။