သံလွင်မြစ်မှာဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းဖို့ တောင်းဆို


2017.12.24
salween-river-622.jpg သံလွင်မြစ်တစ်နေရာကို တွေ့ရစဉ်
Photo: RFA

သံလွင်မြစ်ထဲမှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေကို ရပ်ဆိုင်းဖို့အတွက် ရှမ်းပြည်နယ်တွင်း မြို့နယ် ၁၇ ခုက တောင်သူလယ်သမား ၃၀၀ ကျော်ပါဝင်တဲ့ အစည်းအဝေးအပြီးမှာ ရှမ်းပြည်နယ် တောင်သူလယ်သမားများ ကွန်ယက်က ဒီနေ့ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။

တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တဲ့အတွက် ရေအားလျှပ်စစ်စီမံကိန်းတွေ ရပ်ဆိုင်းဖို့ တောင်းဆိုတာဖြစ်တယ်လို့ အစည်းအဝေးကျင်းပရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့  တန့်ယန်းလူငယ်အဖွဲ့က စိုင်းဘ က ပြောပါတယ်။

"အဓိကကတော့ ဖြစ်လာနိုင်တဲ့ဟာတွေ။ ရေတွေ လွှမ်းနိုင်တယ်။ ကျနော်တို့ သစ်တောတွေ ပြုန်း တီးနိုင်တယ်။ နောက်ပြီးတော့ လျှပ်စစ်ကြိုးတွေ သွယ်တန်းသွားတဲ့ နေရာပေါ့နော်။ ဧရိယာတွေ များနိုင်တယ် အဲဒါ။ တောင်သူလယ်သမားတွေရဲ့ လယ်မြေတွေ ဆုံးရှုံးနိုင်တာပေါ့နော်။ သူတို့ရဲ့အမြင် က အဲဒီလိုပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီဟာကို တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နိုင်တယ် ဆိုတဲ့အမြင်ပေါ့နော်။ အဲလိုရှိတာပေါ့နော်"

ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းတွေ ဆောင်ရွက်မယ့် ဒေသတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေရှိ တဲ့ ဒေသတွေ ဖြစ်ပြီး လက်ရှိအချိန်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့နေရာတွေပါတာကြောင့် ဒေသခံတွေက စိုးရိမ်တာလို့လည်း ပြောပါတယ်။

တန့်ယန်းမြို့နယ်အနီးက နောင်ဖာ ရေအားလျှပ်စစ်စီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်ဓာတ်အား ၉၀ ရာခိုင်နှုန်းကို ပြည်ပကို တင်ပို့ရောင်းချမှာဖြစ်တယ်လို့ ရှမ်းပြည်နယ် တောင်သူလယ်သမားများ ကွန်ယက်ကနေ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်း ၅ ခု တည်ဆောက်ဖို့ လျာထားတာဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၃ ခု၊ ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ၁ ခု စီ တည်ဆောက်ဖို့ လျာထားတာဖြစ်ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံအချို့၊ အရပ်ဘက်အဖွဲ့တွေနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ကန့်ကွက်မှုတွေ ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။