စစ်ကိုင်းတိုင်း မြို့သုံးခုမှာ တိုက်ပွဲပြင်းထန်နေ

RFA Burmese
2024.08.23
စစ်ကိုင်းတိုင်း မြို့သုံးခုမှာ တိုက်ပွဲပြင်းထန်နေ ထီးချိုင့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့က တွေ့ရစဉ်။
Royal Tiger Support Battalion

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ သြဂုတ်လ ၂၃ ရက် ဒီနေ့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ကစခဲ့တဲ့ အဲဒီဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်လည်း လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် လုပ်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ထီးချိုင့်မြို့နယ်၊ မြတောင်ရွာက စစ်ကောင်စီ တပ်စခန်းနဲ့ ထီးချိုင့်မြို့ပေါ်က တပ်စခန်းတွေကို သြဂုတ် ၂၁ ရက်နေ့ကစပြီး KIA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ထီးချိုင့် စစ်ဘေးဒုက္ခသည်တစ်ဦးက RFA ကို ပြောပါတယ်။

“ထီချိုင့် မြို့တွင်းပတ်ပတ်လည်မှာ ဖြစ်နေတာ။ မြို့ပြင်တွေမှာတော့ မဖြစ်တော့ဘူး။ မြတောင်ရဲ့ ဟိုဘက်ကတော့ သိမ်းပြီးသွားပြီ။ ရွာတွေဘက်တော့ ဆက်မဖြစ်တော့ဘူး။ မြို့ပေါ်က လူတွေ စစ်ရှောင်နေရတာ”

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေပြီး လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်လို့ သူက ပြောပါတယ်။

ထီးချိုင့်မြို့ပေါ်က စေတီတချို့နဲ့ တံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသုံးခု ကျန်ရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာပါ။

ပင်လည်ဘူးမြို့မှာလည်း ရဲစခန်းနဲ့ စစ်ကောင်စီတပ်ရှိရာ နေရာတွေကို သြဂုတ် ၁၅ ရက်နေ့ကစပြီး တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်တယ်လို့ ပင်လည်ဘူး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

ကချင်ပြည်နယ်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက စစ်ကိုင်းတိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အခြေအနေကို အသေးစိတ် မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။