ကျောင်းထုတ်ခံရသူ ပြန်တက်ခွင့်ရ
2017.06.15

စစ်ကိုင်းပညာရေးကောလိပ်ရဲ့ ကျောင်းအုပ်ချုပ်ရေးကို ဆန္ဒပြတာကြောင့် ဖမ်းဆီးခံရပြီး ကျောင်းထုတ်ခံခဲ့ရတဲ့ ကျောင်းသား ကိုဇော်ရဲထွဋ်ကို အဆင့်မြင့်ပညာဦးစီးဌာနက ကျောင်းပြန်တက်ခွင့်ပြုလိုက်ပါတယ်။
ကျောင်းပြန်တက်ခွင့်ရဖို့ ကောလိပ်တာဝန်ရှိသူတွေ၊ အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူတွေနဲ့ အဆင့်ဆင့် ညှိနှိုင်းခဲ့ရပြီး ကျောင်းပြန်တက်ခွင့်ရတယ်ဆိုတာကို မနေ့က သိရတာဖြစ်တယ်လို့ ကျောင်းထုတ်ခံရသူ ကိုဇော်ရဲထွဋ် က ပြောပါတယ်။
"အဆင့်ဆင့်ညှိနိုင်းတယ်ခင်ဗျ။ ကျောင်းနဲ့အရင်ဆုံးညှိနှိုင်းတယ်။ ပြီးတော့ ညွှန်ချုပ်တွေနဲ့ ညှိနှိုင်းတယ် ။ နောက်ပြီးတော့ ပညာရေးဝန်ကြီးဌာန ပညာရေးဝန်ကြီးနဲ့လည်း တခြားရဲဘော်တွေ ညှိနှိုင်းတယ်ခင်ဗျ ။ နောက်ပြီးတော့ ဦးဝင်းထိန်တို့နဲ့လည်း နေပြည်တော်မှာ သွားပြီးညှိနှိုင်းတာတွေ ရှိတယ်ဗျ။ အဲလိုမျိုး ကျနော်တို့ အဆင့်ဆင့် ညှိနှိုင်းခဲ့ကြတယ်ဗျ။ အကုန်လုံးညှိနှိုင်းပြီးပြီဗျ။ အဲဒီမှာ သူတို့ အချင်းချင်း အစည်းအဝေး ပြန်ထိုင်မယ်ဆိုပြီးတော့ မနေ့ကမှ သိရတာ"
ကျောင်းပြန်တက်ခွင့်ရပြီ ဖြစ်တဲ့အတွက် လာမယ့် တနင်္လာနေ့ကစပြီး ကျောင်းစတက်မယ်လို့ ကိုဇော်ရဲထွဋ် က ပြောပါတယ်။ ကိုဇော်ရဲထွဋ်ဟာ စစ်ကိုင်းပညာရေးကောလိပ် ကျောင်းသားသမဂ္ဂ ဥက္ကဌဖြစ်ပြီ ကျောင်းအုပ် ချုပ်ရေးကို တခြားဗကသကျောင်းသား ၃ ယောက်နဲ့အတူ ဧပြီ ၂၆ ရက်နေ့မှာ ဆန္ဒပြခဲ့တာကြောင့် ထောင်ဒဏ် ၄ လ ချမှတ်ခံရပြီး ကျောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။