ပညာရေးဝန်ကြီး နုတ်ထွက်ပေးဖို့ ဗကသတွေ တောင်းဆိုမည်
2017.05.31

စစ်ကိုင်းပညာရေးကောလိပ်က ကျောင်းအုပ်ချုပ်မှုစနစ်ကို ဆန္ဒပြရာမှာပါဝင်ခဲ့တဲ့ ကျောင်းသား ကိုဇော်ရဲထွဋ် ကို ကျောင်းကထုတ်ပယ်လိုက်တဲ့အတွက် ဗကသ ကျောင်းသားတွေ စုပေါင်းပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အမြန်ဆုံး နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ ကျောင်းထုတ် ခံလိုက်ရတဲ့ စစ်ကိုင်းပညာရေး ကောလိပ် ဗကသအဖွဲ့ ဥက္ကဌ ကိုဇော်ရဲထွဋ်က ပြောပါတယ်။
"ကျနော်က ကျောင်းသားတွေက နိုင်ငံရေးလုပ်သင့်တယ်လို့ ပြောထားတာရှိတယ်၊ ပညာရေးဝန်ကြီးဌာနက ဒီလိုမျိုး လုပ်လိုက်တယ်ဆိုတော့ ဒါသက်သက်မဲ့ အစိုးရကို မျက်နှာဖျက်ချင်တဲ့ပုံစံမျိုးလည်းဟုတ်တယ်၊ နောက်ပညာရေးကောလိပ်တွေ ပညာရေးအသိုင်းအဝန်းထဲက ဒါမျိုးဆန္ဒပြတာတွေ ထွက်လာတဲ့အခါ သူတို့က ဦးချိုးတဲ့သဘောမျိုးလည်းဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော့်ကို ကျောင်းထုတ်တယ်လို့ယူဆတယ်၊ ဒီမိုကရေ စီဖော်ဆောင်တဲ့ အစိုးရလက်ထက်မှာ ဒါမျိုးတွေလုံးဝမဖြစ်သင့်တော့ဘူးလို့ ကျနေ်ာတို့ယူဆတယ်"
ပညာရေးဝန်ကြီးဌာနအနေနဲ့ လက်ရှိအစိုးရကို မျက်နှာပျက်စရာဖြစ်အောင်လုပ်နေတဲ့အတွက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး ကို နှုတ်ထွက်ပေးဖို့ လှုပ်ရှားမှုပြုလုပ်မှာ ဖြစ်တယ်လို့ ကိုဇော်ရဲထွဋ်က ပြောပါတယ်။
ကိုဇော်ရဲထွဋ်ဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က အခြားကျောင်းသား ၃ ယောက်နဲ့အတူ စစ်ကိုင်း ပညာရေးကော လိပ်က ကျောင်းအုပ်ချုပ်မှုစနစ်ကို မကြိုက်လို့ဆိုပြီး မန္တလေးမြို့က အဆင့်မြင့် ပညာဦးစီးဌာန (အထက်မြန်မာပြည်) ရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၄ လ ချမှတ်ခံခဲ့ရတာပါ။
အဲဒီလို ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် နိုင်ငံရေး ဆူပူမှုဆိုင်ရာပြစ်မှုကို ကျူးလွန်ခဲ့ပြီး တရားရုံးရဲ့ ပြစ်ဒဏ်ကိုပါ ခံခဲ့ရအတွက် ပြစ်မှုထင်ရှားတဲ့ ကျောင်းသားတစ်ဦးဖြစ်လို့ဆိုပြီး စစ်ကိုင်း ပညာရေးကောလိပ်က သင်တန်းသားအဖြစ် ကနေ မေလ ၁၈ ရက်နေ့က ထုတ်ပယ်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့တာဖြစ်ပါတယ်။