တပ်မတော်နေ့ ရုရှားတိုက်လေယာဉ် ပျံသန်းမှု ရုရှားကာကွယ်ရေး ဒုဝန်ကြီး ကိုယ်တိုင် တက်ရောက်ကြည့်ရှုမည်
မတ်လ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ မြန်မာစစ်တပ်က ဝယ်ထားတဲ့ ရုရှားလုပ် SU-30SME တိုက်လေယာဉ်တစ်စင်းကို ရုရှားလေယာဉ်မှူးတွေကိုယ်တိုင် သရုပ်ပြမောင်းနှင်ဖို့ရှိပါတယ်။
ဒီရုရှားတိုက်လေယာဉ် ပျံသန်းမှုကို ရုရှားကာကွယ်ရေး ဒုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး Alexander V. Fomin ကိုယ်တိုင် တက်ရောက်ကြည့်ရှုမယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ RFA က စုံစမ်းသိရပါတယ်။
ရုရှား ကာကွယ်ရေး ဒုဝန်ကြီးဟာ မတ်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နေပြည်တော်မှာ ရှိနေမှာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နှစ်နိုင်ငံကြား စက်ဘက်ဆိုင်ရာ ကိစ္စတွေ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။
ရုရှား လေယာဉ်မှူးနှစ်ဦးဟာ မတ်လ ၁၈ ရက်နေ့ကတည်းက မြန်မာပြည်ကို ရောက်ရှိနေပြီး မတ်လ ၂၉ ရက်နေ့အထိ နေထိုင်မှာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDM ဗိုလ်ကြီးတစ်ဦးက RFA ကို ပြောပါတယ်။
ရုရှားနိုင်ငံလုပ် Sukhoi SU-30SME တိုက်လေယာဉ်တစ်စင်းကို အမေရိကန်ဒေါ်လာသန်း ၃၀ ကျော် တန်ကြေးရှိပြီး မြန်မာစစ်တပ်က ၆ စင်းအထိဝယ်ယူဖို့ ရှိနေပြီး၊ လတ်တလောမှာ နှစ်စင်းကို စာချုပ်စာတမ်းနဲ့ ဝယ်ယူထားပြီးပြီလို့လည်း ဆိုပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာနဲ့ ရုရှားနိုင်ငံအကြား၂၀၁၈ ခုနှစ်က သဘောတူညီချက်တွေအရ SU-30 SME အမျိုးအစား တိုက်လေယာဉ် ၆ စင်းကို စတင်တပ်ဆင်နေပြီလို့ ရုရှားနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့ဖူးပါတယ်။

SU-30SME တွေဟာ 4 Generation(စတုတ္ထမျိုးဆက်)၊ နှစ်ယောက်စီးထိုင်ခုံပါပြီး ဝေဟင် အချင်းချင်းဖြစ်စေ၊ ဝေဟင်ကနေ မြေပြင်ကိုဖြစ်စေ တိုက်ရိုက်ပစ်ခတ်နိုင်တဲ့ တိုက်ခိုက်ရေးယာဉ် အမျိုးအစားတွေလည်း ဖြစ်ပါတယ်။
အခု ရုရှားနိုင်ငံထုတ် SU-30SME တိုက်လေယာဉ်ဟာ မြန်မာနိုင်ငံမှာရှိပြီးဖြစ်တဲ့ MiG–29 တိုက်လေယာဉ်နဲ့ မောင်းပုံမောင်းနည်း တူညီသလို၊ အခု Su–30 SME က ထိန်းချုပ်မှု ပိုကောင်းလို့ မြန်မာ လေသူရဲတွေအတွက် အခက်အခဲ မရှိနိုင်ဘူးလို့ စစ်ဘက် အငြိမ်းစားအရာရှိတစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက နေပြည်တော်ကို နှစ်ရက်ကြာ လာရောက်ခဲ့တဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ကြည်းတပ်ဗိုလ်ချုပ်ကြီး Sergey K.SHOIGU ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံကို စစ်လေယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စက်လက်နက် ပစ္စည်းများ ရောင်းချပေးမယ်လို့ ကတိပြုခဲ့ပါသေးတယ်။
ရုရှားနိုင်ငံထုတ် Pantsir–S1 လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွေ၊ Orlan–10E မောင်းသူမဲ့လေယာဉ်တွေ၊ ရေဒါတွေ မြန်မာနိုင်ငံကို ရောင်းချပေးမယ်ဆိုတာ မှန်ကန်ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အတည်ပြု ပြောဆိုထားဖူးပါတယ်။
စစ်ကောင်စီလေတပ်ကနေ ပထမဦးဆုံး CDM ပြုလုပ်ခဲ့တဲ့ ဗိုလ်ကြီးဇေသူအောင်ကတော့… ရုရှားက တိုက်လေယာဉ်တွေ ဒီကနေ့ ရောက်မယ်လို့ သိထားရပေမယ့် ရောက်မရောက်ကိုတော့ သူ့အနေနဲ့ တိတိကျကျမသိသေးဘူးလို့ ပြောပါတယ်။
ရောက်လာတဲ့ လေယာဉ်တွေဟာ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်တာကြောင့် လေယာဉ်မှူးတွေ ပါလာမှာဖြစ်တယ်လို့ဆိုပါတယ်။
မတ်လ ၂၄ ရက် ဒီကနေ့ ကျင်းပတဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရုရှားနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်မက ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။