မြန်မာနိုင်ငံမှာ လေအားလျှပ်စစ်ထုတ်လုပ်ရေး နေရာသုံးခုကို ရုရှားအဆိုပြု
2023.03.31

ရုရှားနိုင်ငံ၊ Rusatom International Network, ROSATOM က မြန်မာနိုင်ငံက နေရာသုံးခုမှာ လေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းအဆိုပြုချက်အတွက် စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကို မတ်လ ၃၀ ရက် မနေ့က တင်ပြခဲ့တယ်လို့ စစ်ကောင်စီရဲ့ မတ်လ ၃၁ ရက်နေ့ထုတ်သတင်းစာတွေက ဖော်ပြပါတယ်။
အဲဒီအဆိုပြုချက်ထဲမှာ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းခရိုင် ပုပ္ပားဒေသမှာ ၂၀၀ မဂ္ဂါဝပ်၊ မကွေးတိုင်း၊ မင်းတုန်းဒေသမှာ ၅၆ မဂ္ဂါဝပ်နဲ့ ပဲခူးတိုင်း၊ မင်းလှဒေသမှာ ၁၁၆ မဂ္ဂါဝပ်ရှိတဲ့ လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေ လုပ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက နိုင်ငံတစ်ဝန်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ လေအားလျှပ်စစ် ထုတ်လုပ်တာကို ဇုန်ခြောက်ခုမှာ မဂ္ဂါဝပ် ၈၀၀၀ ကျော်ထုတ်လုပ်ဖို့ စီစဉ်ထားတာပါ။
ဒီအတွက်ကြောင့်ပဲ ပူတာအိုဒေသမှာ အသေးစား ရေအားလျှပ်စစ်လုပ်ငန်းအတွက်လည်း ဆောက်ရွက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က Rusatom International Network ဥက္ကဋ္ဌ Mr.Vadim Titov ကိုအဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီနဲ့ ရုရှား ဆက်ဆံရေး အခြေအနေက ပိုပြီးနီးနီးကပ်ကပ်ရှိ လာတဲ့သဘောကိုပြနေတာဖြစ်တယ်လို့ပြောပါတယ်။
ဒါပေမဲ့လည်း အကုန်အကျများတဲ့ ဒီစီမံကိန်းတွေကြောင့် မြန်မာနိုင်ငံဟာ အကြွေးနွံထဲ ပိုပြီးနစ်စေတယ်လို့ သူကထောက်ပြပါတယ်။
Rusatom International Network, ROSATOM အဖွဲ့တာဝန်ရှိသူတွေဟာ မတ်လ ၂၉ ရက်ကလည်း စစ်ကောင်စီရဲ့ သိပ္ပံနဲ့နည်းပညာဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နဲ့ တွေ့ဆုံခဲ့ပြီး နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုတွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။
Rusatom International Network, ဟာ ROSATOM လို့ခေါ်တဲ့ (State Atomic Energy Corporation Rosatom) ရုရှားနျူကလီးယာစွမ်းအင်ထိပ်တန်းနည်းပညာကုမ္ပဏီအတွက် စွမ်းအင်ဆိုင်ရာအခွင့်အလမ်းတွေရှာဖွေတာ၊ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှုကို ကမ္ဘာ့ဈေးကွက်နဲ့ချိတ်ဆက်တာတွေ လုပ်ဆောင်တဲ့အဖွဲ့ ဖြစ်ပါတယ်။