ရုရှားရောက် မြန်မာ သင်္ဘောသားတွေ အိမ်ပြန်မယ်
2015.04.11

ရုရှားငါးဖမ်းသင်္ဘောကနေ အသက်ရှင်ကျန်ရစ် တဲ့ မြန်မာအလုပ်သမား ၂၂ ယောက်ဟာ ဧပြီလ ၁၅ ရက်နေ့မှာ ကိုရီးယားလေကြောင်းလိုင်းနဲ့ ရုရှားနိုင်ငံ ဆာခါလင်းမြို့ကနေ မြန်မာနိုင်ငံကို ပြန်ခွင့်ရတော့ မယ်လို့သိရပါတယ်။
သေဆုံးသူ ၁၆ ဦးရဲ့ရုပ်အလောင်းတွေကိုလည်း အဲ့ဒီနေ့မှာပဲ အခြားလေယာဉ်တစ်စင်းနဲ့ ရန်ကုန် ကို ပြန်လည်သယ်ယူဖို့ စီစဉ်နေတယ်လို့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက သူ့ရဲ့အင်တာနက်စာမျက်နှာ မှာဖေါ်ပြထားပါတယ်။
မြန်မာအလုပ်သမား ၄၂ ယောက်အပါအဝင် သင်္ဘောသား ၁၃ဝ ကျော်ပါတဲ့ ရုရှားငါးဖမ်းသင်္ဘော ဟာ ဧပြီလ တစ်ရက်နေ့ မနက် ၅ နာရီလောက်က ရုရှားအရှေ့ဖျားပင်လယ်ထဲမှာ နစ်မြုပ်ခဲ့တဲ့အတွက် မာလိန်မှူး အပါအဝင် စုစုပေါင်း ၅၄ ယောက်သေဆုံးခဲ့ရာမှာ မြန်မာ ၁၆ ယောက်သေဆုံးပြီး ၄ ယောက်ပျောက်ဆုံးနေတာဖြစ် ပါတယ်။
အဲ့ဒီ မြန်မာတွေကို ရန်ကုန်အခြေစိုက် ကုမ္ပဏီ ၅ ခုက ငါးဖမ်းသမားလုပ်ရမယ်လို့မပြောပဲ သာမန် နိုင်ငံခြားသင်္ဘောသား လုပ်ရမယ့်သဘောမျိုးနဲ့ အကျိုးဆောင်ခအမြောက်အများယူပြီး စေလွှတ်ခဲ့တဲ့အတွက် လိုင်စင်အသိမ်းခံထားရသလို၊ သူတို့ကို တရားမဝင်ခေါ်ယူခဲ့တဲ့ ရုရှားသင်္ဘောလိုင်းကိုလည်း ရုရှားအစိုးရက အရေးယူထားတယ်လို့ သိရပါတယ်။
သေဆုံးသူတွေအတွက်တော့ ရုရှားအလုပ်သမားဝန်ကြီးဌာနက မြန်မာငွေ သိန်း ၂ ရာကျော်နဲ့ညီမျှတဲ့ ရုရှားရူဘယ်ငွေ ၁ သန်းစီ ကူညီထောက်ပံ့မယ်လို့ ပြောဆိုထားကြောင်းသိရပါတယ်။