ရုရှားနဲ့ မြန်မာ အကြိမ် ငါးဆယ်ကျော် ပူးတွဲစစ်ရေးလှုပ်ရှားဖို့ စီစဉ်
2024.03.28

ရုရှားနဲ့ မြန်မာ စစ်တပ်ဟာ ၂၀၂၄ ခုနှစ်အတွင်း အကြိမ်ပေါင်း ၅၀ ကျော် ပူးတွဲ စစ်ရေးလှုပ်ရှားဖို့ စီစဉ်ထားကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအစိုးရအာဘော် RIA သတင်းဌာနက မတ် ၂၈ ရက်နေ့က ကြေညာပါတယ်။
ဒီစစ်ရေးလှုပ်ရှားမှုမှာ စစ်ဆင်ရေးနဲ့ ထိုးစစ်ရေးရာ သင်တန်းတွေ အပါအဝင် ပူးတွဲလှုပ်ရှားမဲ့ စီမံချက်တွေပါဝင်တယ်လို့ ရုရှားသတင်းဌာနက ဖော်ပြပါတယ်။ စီမံချက်အသေးစိတ်ကိုတော့ ပြောဆိုတာမရှိပါဘူး။
၂ဝ၂၃ နှစ်ကုန်ပိုင်းကစလို့ ပြည်တွင်းစစ်ပွဲတွေမှာ အကျအရှုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်အနေနဲ့ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်နိုင်ရေး ကြိုးပမ်းချက်အဖြစ် နောက်ဆုံး မျှော်လင့်အချက်အနေနဲ့ သူ့အလားတူ နိုင်ငံတကာက ဖယ်ကျဉ်ခံထားရတဲ့ ရုရှားစစ်တပ်နဲ့ အကြိမ် ၅ဝ ကျော် ပူးတွဲ စစ်ရေးလေ့ကျင့်မယ်လို့ သတင်းထွက်လာတာဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုတာ သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်တွေမီဒီယာတွေမှာလည်း ဒီအကြောင်း တိတိကျကျ ရေသားဖော်ပြတာ မရှိသေးပါဘူး။
ရုရှားနိုင်ငံနဲ့ စစ်ကောင်စီတို့ တိုးမြှင့်ဆက်ဆံနေတာဟာ နှစ်နိုင်ငံလုံးရဲ့ လိုအပ်ချက်အရ ဆောင်ရွက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက သုံးသပ်ပါတယ်။
“ကျွန်တော်တို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ကိုယ့်ကိုယ်ကာကွယ်ပေးမဲ့သူကို မဟာမိတ်လုပ်ရမှာပေါ့၊ ဒါကတစ်ချက်ပေါ့၊ နောက်တစ်ခုက သူကလည်း ကုန်သွယ်ရေးမှာ အိန္ဒိယသမုဒ္ဒရာမှာ အိန္ဒိယပြီးရင် ဒုတိယ မဟာမိတ်အတွက် ပိုလိုလားတာပေါ့၊ နှစ်ဦးလုံးအတွက် လိုအပ်တာပေါ၊ မြန်မာအတွက်က လက်နက်အတွက်ပါ လက်နက်လည်းရောင်းတဲ့အခါကျတော့ မြန်မာနိုင်ငံအနေနဲ့က ရုရှားဆီကပဲ ဝယ်ရတာပေါ့၊ အဲဒါကျတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လိုအပ်ချက်တွေနဲ့ပေါ၊ ဆက်ဆံနေရတာ ဒါပါဘဲ။”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ ဒီစစ်ရေးလေ့ကျင့်မှုတွေက စစ်ကောင်စီအတွက် ထူးခြားတိုးတက်မှု မရှိနိုင်ကြောင်း သုံးသပ်ပါတယ်။
“မြန်မာစစ်တပ်မှာဆိုလည်း အခုအကျပ်အတည်းတွေဖြစ်နေပြီ သူတို့ခေါ်တဲ့ တပ်မတော်နေ့ပေါ့နော် အမှန်ကတော့ ဖက်စစ်တော်လှန်ရေးနေ့ပါ၊ အဲမှာ စစ်ရေးပြတဲ့အခါမှာပဲ ကြည့်လိုက်ပါ၊ မနှစ်ကလို သူတို့ခမ်းခမ်းနားနားပြနိုင်စရာမရှိပါဘူး၊ ရှင်းရှင်းပြောရရင် လေယာဉ်ပျံတွေ မပြနိုင်တော့တဲ့အတွက်ကြောင့် ညဘက်ဆိုတဲ့ဟာလုပ်ပြီး မီးထွန်းပြီးလေယာဉ်ပျံပြရတဲ့ အနေအထားရောက်လာတယ်ပေါ့နော်၊ အဘက်ဘက်က ကျဆင်းနေတဲ့ မြန်မာစစ်တပ်က ရုရှားစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဟာကတော့ မြန်မာစစ်တပ်အတွက် ဘာမှထူးထူးခြားခြား တိုးတက်လာနိုင်စရာ အကြောင်းမရှိဘူး၊”
စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ကလည်း ရုရှားရေတပ်နဲ့ ပထမဆုံးအကြိမ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ တနင်္သာရီတိုင်း မြိတ်မြို့အနီးက ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဆောင်ရွက်ခဲ့တာပါ။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာတော့ ရုရှားဘက်က ဖျက်သင်္ဘော သုံးစင်းနဲ့ ရုရှားစစ်သည် ရှစ်ရာနီးပါး ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း ဝေဟင်နဲ့ ရေပြင်ကာကွယ်ရေးဆိုင်ရာ စစ်သင်္ဘောတွေနဲ့ တိုက်ခိုက်ရေး စစ်ရဟတ်ယာဉ်တွေ ပါဝင်ခဲ့ပါတယ်။
စစ်ကောင်စီအနေနဲ့ ရုရှားလို နိုင်ငံကြီးတစ်ခုက သူ့ကိုထောက်ခံနေတယ်၊ သူ့မှာ အင်အားရှိတယ်ဆိုတာ ကမ္ဘာကို ပြသဖို့အတွက် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“စစ်ကောင်စီအနေနဲ့ အခုကတော့ ရရာအကူအညီ၊ ရရာအနေအထားအောက်မှာ သူ့မှာအင်အားရှိကြောင်း၊ သူ့မှာ နိုင်ငံတကာရဲ့ထောက်ခံမှုရှိကြောင်းကို ပြဖို့အတွက် ဖြစ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတယ်ဆိုတဲ့အကြောင်းကို ကမ္ဘာကို လိမ်လည်ဖို့ ဒီစစ်ဆင်ရေးကို လုပ်တာပါ”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ကုလသမဂ္ဂမှာ ဗီတိုအာဏာသုံးခွင့်ရထားတဲ့ ရုရှားနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို သိသိသာသာတိုးမြှင့်လုပ်ဆောင်လာပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံကို သုံးကြိမ်ထက်မနည်းသွားရောက်ခဲ့ပြီး ၂၀၂၂ ခုနှစ်က ခရီးစဉ်အတွင်း ရုရှားသမ္မတ ပူတင်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးတာလည်း ရှိပါတယ်။
ဒီနှစ်မှာ ကျင်းပတဲ့ ရုရှားရွေးကောက်ပွဲမှာ သမ္မတပူတင် ပြန်လည်အရွေးခံရတာကို ဂုဏ်ယူဝမ်းမြောက်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စာရေးသားပေးပို့ခဲ့တယ်လို့ ရုရှားအခြေစိုက်မီဒီယာတွေက ဖော်ပြပါတယ်။
နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေရာမှာ ၂၀၂၄-၂၀၂၇ ခုနှစ်အတွက် အာဆီယံ-ရုရှား ညှိနှိုင်းရေးမှူးတာဝန်ကိုလည်း စစ်ကောင်စီက ဆောင်ရွက်ခွင့် ရထားပါတယ်။
စစ်ကောင်စီကို ဒီလိုတာဝန်ပေးတာဟာ မြန်မာ့အရေးဖြေရှင်းမဲ့ အာဆီယံရဲ့ ကတိကဝတ် ပျက်ပြားစေပြီး ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ကျရှုံးစေမယ်လို့ Justice For Myanmar အဖွဲ့က ဝေဖန်တာတွေ ရှိခဲ့ပါတယ်။
ရုရှားနိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေအပြင် နျူကလီးယားနည်းပညာ ရရှိရေးကိုလည်း စစ်ကောင်စီက အပြင်းအထန်ကြိုးစားနေပါတယ်။
စစ်ကောင်စီရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ် ဇွန်လကနေ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၆ ရက်နေ့အထိ ၁၅ လကျော်အတွင်း စစ်ကောင်စီနဲ့ ရုရှားတာဝန်ရှိသူတွေအကြား နျူကလီးယားကဏ္ဍအတွက် သီးခြား ဆွေးနွေးမှုပေါင်း ၁၀ ကြိမ်အထိရှိခဲ့ပါတယ်။
RFA ရဲ့ လေ့လာဆန်းစစ်ချက်အရ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရုရှားသမ္မတ ပူတင် အပါအဝင် ရုရှားအဏုမြူကော်ပိုရေးရှင်း တာဝန်ရှိသူတွေနဲ့ လေးကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ကျန်တဲ့ ခြောက်ကြိမ်ကိုတော့ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဋ္ဌာန၊ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာန တာဝန်ရှိသူတွေက ဦးဆောင်ပြုလုပ်ခဲ့တာပါ။
မြန်မာနိုင်ငံရဲ့ နျူကလီးယားအခြေခံ အဆောက်အအုံတွေ တိုးတက်ဖြစ်ထွန်းရေးအတွက် နှစ်နိုင်ငံသဘောတူလက်မှတ် ရေးထိုးပြီးပြီလို့ ရုရှားအစိုးရပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom က ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ကြေညာထားပါတယ်။
စစ်ကောင်စီကလည်း အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မယ်လို့ ပြောထားပေမဲ့ အရွယ်အစားနဲ့ ခန့်မှန်းကုန်ကျစရိတ်ကို နှစ်နိုင်ငံလုံးက ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီထုတ် စစ်လက်နက်ပစ္စည်းတွေလည်း ရုရှားနိုင်ငံက ပြန်လည်ဝယ်ယူတာလည်းရှိပါတယ်။ အဲဒီထဲမှာ မြန်မာစစ်တပ်က ကိုယ်တိုင်ထုတ်လုပ်တဲ့ မိုင်းတွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို ရုရှားကို ရောင်းတာလို့ လပ်ဗီးယားနိုင်ငံ အခြေစိုက် အွန်လိုင်းသတင်းစာ The Insider က ဇန်နဝါရီ ၁၈ ရက်နေ့က ဖော်ပြပါတယ်။
မြန်မာနိုင်ငံကို ရောင်းခဲ့တဲ့ ဒေါ်လာ ၂၄ သန်းတန် တင့်ကားသုံး မြင်ကွင်းကြည့်ကိရိယာကိုလည်း ရုရှားက ပြန်ဝယ်ဖို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ စီစဉ်ခဲ့တယ်လို့လည်း The Insider က ဖော်ပြပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)ရဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်နှစ်နှစ်ကျော်အတွင်း မြန်မာစစ်တပ်ဟာ ရုရှားကနေ စစ်လက်နက်ပစ္စည်းတွေအများဆုံးဝယ်ခဲ့ပြီး ဒေါ်လာ ၄၀၆ သန်းဖိုး ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲအစီရင်ခံစာအရ ရုရှားကနေ ဖျက်အားပြင်း Su-30 တိုက်ခိုက်ရေး ဂျက်လေယာဉ် ခြောက်စင်းဝယ်ဖို့ ၂ဝ၂၂ ခုနှစ် စက်တင်ဘာလမှာ ရုရှားနဲ့ စစ်ကောင်စီတို့ကြား သဘောတူစာချုပ်ချုပ်ခဲ့ပြီး အဲဒီ Su-30 လေယာဉ်တွေလည်း မြန်မာနိုင်ငံကို ရောက်နေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားလုပ် Mi-35 ရဟတ်ယာဉ်၊ MiG-29 ဂျက်တိုက်လေယာဉ်နဲ့ Yak-130 လေယာဉ်တွေကိုလည်း စစ်ကောင်စီက ဝယ်ခဲ့ပါတယ်လို့ တွမ်အင်ဒရူး (Tom Andrews)ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။