မြန်မာအတွက် ရုရှားက စစ်ရေးအကူအညီတွေ အနီးကပ် ဆောင်ရွက်ပေးမည်

ရုရှားအနေနဲ့ မြန်မာစစ်အစိုးရကို လေယာဉ်အပါအဝင် စစ်ရေးဆိုင်ရာ အကူအညီတွေ ဖြည့်စွမ်းပေးမယ်လို့ ရုရှားအစိုးရရဲ့ စစ်လက်နက်တင်ပို့ရောင်းချရေးဆိုင်ရာ အကြီးအကဲက ပြောကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
လေယာဉ်တွေအပါအဝင် စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံကြား အနီးကပ်ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မကြာခင်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း၊ မြန်မာနဲ့ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားဖို့ ဆွေးနွေးခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အသေးစိတ်ကိုတော့ မပြောဆိုပါဘူး။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှက Rosoboronexport လက်နက်ရောင်းချရေး ကုမ္ပဏီရဲ့ အဓိကဖောက်သည်ဖြစ်ပြီး ရုရှားအစိုးရပိုင် အာကာသနဲ့ ကာကွယ်ရေးဆိုင်ရာ Rostec ကော်ပိုရှင်းရဲ့ မိတ်ဖက်ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားက စစ်ရေးသင်တန်းပို့ချပေးတာနဲ့ ထောင်နဲ့ချီတဲ့ စစ်သားတွေကို တက္ကသိုလ်ပညာသင်ဆု ချီးမြှင့်တဲ့အပြင် အနောက်နိုင်ငံတွေက အမည်ပျက်စာရင်းသွင်းထားတဲ့ စစ်တပ်ကို လက်နက်တွေ ရောင်းချတာနဲ့ ရုရှား-မြန်မာနှစ်နိုင်ငံစစ်ရေးဆက်ဆံမှုက မကြာခင်နှစ်ပိုင်းတွေမှာ ကြီးထွားလာပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကတော့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ရုရှားက တရားဝင် အသိအမှတ်ပြုပြီး လက်နက်အရောင်းအဝယ် အပါအဝင် တရားဝင်ဆက်ဆံသွားလာနေတဲ့အပေါ် ဝေဖန်ပြောဆိုနေကြပါတယ်။