ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်ရေး ရုရှားနဲ့ စစ်ကောင်စီဆွေးနွေး
2023.10.11

မြန်မာနိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေးအတွက် ရုရှားစွမ်းအင်အရာရှိတွေနဲ့ မြန်မာ စစ်ကောင်စီ တာဝန်ရှိသူတွေ အောက်တိုဘာလ ၁၁ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့မှာ ဆွေးနွေးခဲ့ကြတယ်လို့ ရုရှားစွမ်းအင်ဝန်ကြီးဌာနကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြပါတယ်။
အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့နှစ်ကစလို့ ရုရှားနိုင်ငံကနေ ရေနံထွက်ပစ္စည်းတွေ ဝယ်ယူနေပြီး ကျသင့်ငွေကို ရုရှားရူဘယ်ငွေနဲ့ ပေးချေသွားမယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ နျူကလီးယား အခြေခံအဆောက်အအုံ အကဲဖြတ်ရေးနဲ့ မြင့်တင်ရေးအတွက် နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom ကုမ္ပဏီက ကြေညာချက်ထုတ်ပြန်တဲ့အကြောင်း Interfax သတင်းဌာနက ရေးသားထားပါတယ်။
Rosatom ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ နျူကလီယားစက်ရုံ အသေးစားတည်ဆောက်မှု အတွက် အကြိုလေ့လာဆန်းစစ်မှုတွေ လုပ်ဆောင်နေတာပါ။
ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာ ကျင်းပနေတဲ့ ၆ ကြိမ်မြောက် ရုရှားစွမ်းအင် ရက်သတ္တပတ်တာ ဖိုရမ်ကို မြန်မာစစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေစဉ်မှာ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် စွမ်းအင်လုပ်ငန်းတွေအတွက် ဆွေးနွေးနေကြတာပါ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မြန်မာနိုင်ငံမှာ နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ အစိုးရအဆင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။