မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်
2015.04.02

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အခုထိ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူတွေထဲ မှာ မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။
အရှည် ပေ ၃၄၀ ၊ တန်ချိန် ၅၇၀၀ ရှိပြီး လူ ၁၃၂ ဦးပါ ရုရှနိုင်ငံလုပ် ငါးဖမ်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ ရေခဲမှတ်နီးပါးအထိ အေးခဲနေတဲ့၊ မုဆိုးပင်လယ်လို့ အဓိပ္ပါယ်ရတဲ့ အော့ကဟော့ရှ် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
သင်္ဘောပေါ်ပါသူ ၁၃၂ ဦးထဲမှာ မြန်မာနိုင်ငံသား ၄၂ ဦး၊ လက်ဗီးယားနိုင်ငံသား ၃ ဦး၊ ယူကရိန်း နိုင်ငံသား ၄ ဦး၊နဲ့ ဗန်နာတူ နိုင်ငံသား ၅ ဦး ပါဝင်ပြီး ၊ ကျန်တဲ့၇၈ ဦးက ရုရှားနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
သေဆုံးသူတွေထဲမှာ မြန်မာတွေ ပါမပါ မသိရသေးပေမဲ့၊ သတင်းတွေမှာ ဖေါ်ပြထားတဲ့ အခြေအနေတွေအရ အနည်းနဲ့အများ ပါဝင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ သင်္ဘောရဲ့ ရေယာဉ်မှူးနဲ့ ဒုရေယာဉ်မှူး တို့လည်း သေဆုံးသွားခဲ့ကြပါတယ်။ အခုထိ ရုရှားနိုင်ငံက ကယ်ဆယ်ရေးလုပ်သား ၁၆၀၀၊ ရေယာဉ် ၃၂ စီး၊ ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း သတင်းတွေမှာ ဖေါ်ပြပါတယ်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အင်တာနက်စာမျက်နှာမှာ သင်္ဘောပေါ်ပါဝင်သူ မြန်မာ ၄၂ ဦးရဲ့ အမည်စာရင်းကို ဖေါ်ပြထားပါတယ်။ ဒါ့ပြင် သံမှူး ဦးဘုန်းလင်းကြိုင်က ရုရှားအစိုးရနဲ့ဆက်သွယ်ပြီး သေဆုံးသူတွေ၊ ထိခိုက်နစ်နာသူတွေအတွက် ကူညီဆောင်ရွက်နေကြောင်း ဖေါ်ပြထားပေမဲ့ သေဆုံးသူတွေထဲမှာ မြန်မာတွေ ပါ မပါ၊ ပါခဲ့ရင် အရေအတွက်မည်၍မည်မျှ ဆိုတာတော့ ဖေါ်ပြမထားပါဘူး။
နစ်မြုပ်သွားခဲ့တဲ့ ရုရှငါးဖမ်းသင်္ဘောပေါ်မှာ ငါးဖမ်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ရုပ်သံသတင်းဌာနတစ်ခု က မေးမြန်းရာမှာ တာဝန်ရှိသူတစ်ဦးက အလုပ်သမားအများစုကို တောင်ကိုရီးယား ဘူဆန်းမြို့ ဆိပ်ကမ်းကနေ တင်ဆောင်လာခဲ့တာဖြစ်ကြောင်း၊ ဒါကြောင့် တရားမဝင် အလုပ်သမားတွေဖြစ်ကြောင်း ပြောဆိုတယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
ဒါ့ပြင် အဲဒီ့ငါးဖမ်းသင်္ဘောပေါ်ပါ နိုင်ငံခြားသားအလုပ်သမားတွေဟာ အသက်ကယ်ဝတ်စုံတွေ ဝတ်ဆင်မထားကြတဲ့ အတွက်၊ သဘောၤပေါ်မှာ ဝတ်စုံအလုံအလောက်ရှိမရှိ ဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ လည်းဖေါ်ပြပါတယ်။