Frontier Myanmar အယ်ဒီတာ လွတ်မြောက်ဖို့ နိုင်ငံတကာသတင်းအဖွဲ့တွေ တောင်းဆို
မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ Frontier Myanmar မဂ္ဂဇင်းရဲ့ မန်နေဂျင်း အယ်ဒီတာ အမေရိကန်နိုင်ငံသား Danny Fenster ကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က မနေ့ကပဲ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
အယ်ဒီတာ Danny Fenster အဖမ်းခံရပြီးနောက်ပိုင်း ဘယ်မှာရောက်နေသလဲဆိုတာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေက ဆက်သွယ်လို့မရ ဖြစ်နေတဲ့အကြောင်း၊ အင်းစိန်ထောင်မှာ အဖမ်းခံထားရတယ်လို့ ယူဆရတဲ့ အကြောင်း၊ သူဟာ မတရားသဖြင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့ကျန်းမာရေးနဲ့ ဘာတွေဖြစ်နေသလဲဆိုတာ ဘာမှမသိရတဲ့အပေါ် အထူးပဲ စိုးရိမ်နေရတယ်လို့ RSF အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Pauline Adès-Mével ကပြောပါတယ်။
အဲဒါကြောင့် အယ်ဒီတာ Danny Fenster ကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာပိုင် တွေကို တောင်းဆိုတယ်လို့ မေလ ၂၆ရက် မနေ့က ထုတ်ပြန်တဲ့ ပြင်သစ်အခြေစိုက် RSF အဖွဲ့ရဲ့ ကြေညာ ချက်မှာ ဖော်ပြထားပါတယ်။
Danny Fenster ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းအဖမ်းခံခဲ့ရတဲ့ နိုင်ငံခြားသတင်းသမားတွေထဲမှာ လေးယောက်မြောက် ဖြစ်ပါတယ်။ ရန်ကုန်အခြေစိုက် Frontier Myanmar မဂ္ဂဇင်းရဲ့ အယ်ဒီတာ Danny Fenster အဖမ်းခံထားရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ ကလည်း သူ့ကို ချက်ချင်းလွှတ်ပေးဖို့ တောင်းဆိုထား ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရန်ကုန်မြို့မှာရှိတဲ့အမေရိကန်သံရုံးကလည်း အယ်ဒီတာ Danny Fenster အဖမ်းခံထားရတာကို သိရှိထားပြီး ဆောင်ရွက်စရာရှိတာတွေကို လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။