လှေနှစ်စီး မဖမ်းမိခင် ရိုဟင်ဂျာတွေကို ခေါ်ထုတ် သွားကြောင်း ပြောဆို
2015.05.26

ပြီးခဲတဲ့ မေလ ၂၁ ရက်နေ့က မြန်မာ့ရေပိုင်နက် ထဲ ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား လှေ စီးရွှေ့ပြောင်းသူ ၂၀၀ နဲ့ ရိုဟင်ဂျာ ခေါ် မွတ်စလင် ၈ ဦး ပါ လူမှောင်ခို လှေနှစ်စီးကို ဒုဌဝတီရေတပ်က တွေ့ရှိ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီလှေနှစ်စီးကို ရေတပ်က မဖမ်းဆီးခင် အရေ အတွက် ၂၀၀ ဝန်းကျင်ရှိတဲ့ ရိုဟင်ဂျာ အမြောက်အများ ကို လူမှောင်ခိုတွေက တခြားနေရာကို တိတ် တဆိတ် ခေါ်ထုတ်သွားခဲ့တယ်လို့ လှေပေါ်ပါသူတွေ က ပြောဆိုကြကြောင်း ရိုက်တာသတင်းက ဖေါ်ပြ ပါတယ်။ ရိုဟင်ဂျာအားလုံးလှေပေါ်က ဆင်းသွားခဲ့ကြ ပြီး၊ ဘင်္ဂလားဒေ့ရှ်တွေပဲ ကျန်ခဲ့တယ်လို့ ကလေး ငါးယောက်နဲ့အတူ မြန်မာနိုင်ငံက သက်ကယ်ပြင်ရွာ ကို ပြန်လာတဲ့ အသက်၂၇နှစ်အရွယ် အာရာဖာ အမည်ရှိ ရိုဟင်ဂျာအမျိုးသမီးက ပြောဆိုကြောင်းလည်း ဖေါ်ပြပါတယ်။
ဒါပေမဲ့ လူမှောင်ခိုတွေက ဘာကြောင့် ရိုဟင်ဂျာတွေကိုသာရွေးပြီး ခေါ်ထုတ်သွားရသလဲဆိုတာ မရှင်းလင်းဘူးလို့ ရိုက်တာက ဆိုပါတယ်။
ဒီအတွင်း မြန်မာနိုင်ငံက ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေအတွက် စိုးရိမ်ပူပန်ကြောင်း ပါကစ္စတန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။