နေထိုင်ရေးအခက်အခဲ ဖြေရှင်းပေးဖို့ စစ်ကောင်စီကို ရိုဟင်ဂျာဒုက္ခသည်တွေတောင်းဆို

RFA Burmese
2023.03.10
နေထိုင်ရေးအခက်အခဲ ဖြေရှင်းပေးဖို့ စစ်ကောင်စီကို ရိုဟင်ဂျာဒုက္ခသည်တွေတောင်းဆို ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်ခဲ့သည့်  မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai နှင့် အဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် မတ်လ ၉ ရက်နေ့က တွေ့ရစဉ်။
Chinese Embassy in Myanmar

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံက သံရုံးအကြီးအကဲတွေရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာ  ဒုက္ခသည်စခန်းမှာ နေထိုင်ရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ စစ်တွေမြို့က ရိုဟင်ဂျာဒုက္ခသည်တွေက RFA ကို မတ်လ ၁၀ ရက် ဒီနေ့ ပြောပါတယ်။
 
မတ်လ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှာ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသုံးနိုင်ငံက သံရုံးအကြီးအကဲတွေ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာတွေ ပြန်လက်ခံနိုင်ရေး စစ်ကောင်စီရဲ့ အစီအစဉ်တွေကို သွားရောက်လေ့လာခဲ့ကြတာပါ။
 
ရိုဟင်ဂျာတွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ရေးအတွက် အဆောက်အအုံတွေ ထပ်ဆောက်ပေးဖို့အပါအဝင် တခြားလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ စစ်ကောင်စီ တာဝန်ရှိသူတွေကို တင်ပြခဲ့တယ်လို့ စစ်တွေမြို့ သက္ကယ်ပြင် ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်ဦးက ပြောပါတယ်။
 
“ကျနော်တို့ ဒုက္ခသည်စခန်းမှာ လမ်းတွေက ပျက်စီးနေပြီ။ သွားလာရတာ အဆင်မပြေတော့ဘူး။ အဲတော့လမ်းတွေ ပြင်ပေးဖို့နဲ့ စခန်းမှာနေထိုင်ရတဲ့ လူတွေကို တစ်အိမ်ထောင်ကို နေအိမ်တစ်လုံး ဆောက်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့ဘက်ကတော့ တင်ပြပေးမယ်ပြောတယ်။ လုပ်မယ်၊ မလုပ်ဘူးတော့ တိတိကျကျ မပြောဘူး”
 
စစ်ကောင်စီဘက် တာဝန်ရှိသူတွေက စစ်တွေမြို့ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးကို ထုတ်ဖော်ပြောဆိုခဲ့တာ မရှိဘူးလို့လည်း သူကဆိုပါတယ်။ 
 
သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာ ဒုက္ခသည် ၆,၀၀၀ ကျော်နေထိုင်ကြပြီး အိမ်ထောင်စု တစ်ထောင်နီးပါး နေထိုင်ကြပါတယ်။ အိမ်ခန်းကတော့ ၁၂၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
 
စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ သံရုံးအကြီးအကဲတွေဟာ ရခိုင်ပြည်နယ် စစ်တွေမြို့က သဲချောင်း၊ ဒါးပိုင်၊ သက္ကယ်ပြင် ဒုက္ခသည်စခန်း၊ မောင်တောမြို့နယ် ငါးခူရ ရိုဟင်ဂျာလက်ခံရေးစခန်းနဲ့ လှဖိုးခေါင် ရိုဟင်ဂျာယာယီနေရာ ချထားရေးစခန်းတွေကို သွားခဲ့ကြတယ်လို့ မတ်လ ၉ ရက်နေ့ထုတ် စစ်ကောင်စီရဲ့ သတင်းစာတွေမှာ ဖော်ပြပါတယ်။ 
 
စစ်ကောင်စီဟာ ရိုဟင်ဂျာတစ်ထောင်ကျော်ကို စတင်လက်ခံနိုင်ဖို့ ပြင်ဆင်ဆောင်ရွက် နေတယ်လို့ ၂၀၂၃၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
 
ရက္ခိုင့်တပ်တော် (AA) ကတော့ စစ်ကောင်စီရဲ့ ရိုဟင်ဂျာပြန်လက်ခံမယ့်အစီအစဉ်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုရဖို့ ဟန်ပြလုပ်နေတာလို့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ 
 
၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ရိုဟင်ဂျာကလေးငယ် လေးသိန်းနီးပါး အပါအဝင် ရိုဟင်ဂျာ ဒုက္ခသည် ၇၇၃,၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘာဇားဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ ကုသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလက ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ပြဿနာဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။