မောင်တောမှာ မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၄ ဦး ဖမ်းဆီးခံရ

RFA Burmese
2023.02.28
မောင်တောမှာ မလေးရှားသွားမယ့် ရိုဟင်ဂျာ ၃၄ ဦး ဖမ်းဆီးခံရ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဖမ်းဆီးခံရသည့် ရိုဟင်ဂျာဒုက္ခသည်များအား တွေ့ရစဉ်။
ရခိုင်နေ့စဉ်သတင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကျောက်ပန္ဒူရွာအနီးမှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မလေးရှားနိုင်ငံကို သွားမယ့် ရိုဟင်ဂျာ ၃၄ ဦးကို စက်လှေနဲ့အတူ စစ်ကောင်စီရေတပ်က ဖမ်းဆီးရမိခဲ့တယ်လို့ ရခိုင် ပြည်နယ် စစ်ကောင်စီရဲ့ ရခိုင်နေ့စဉ်သတင်းမှာ ဖော်ပြထား ပါတယ်။

ရိုဟင်ဂျာ အမျိုးသား ၂၄ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါဝင်ပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင်၊ ဘာလူခါလီနဲ့ နီလာဒုက္ခသည်စခန်းတွေက ဖြစ်တယ်လို့ ရေးသား ထားပါတယ်။

ဖမ်းဆီးရမိသူတွေအားလုံးကို လက်ရှိ အမှုဖွင့်အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို လွှဲပြောင်းထားတယ်လို့လည်း ဆိုပါတယ်။

ရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေးခက်ခဲလို့ ထွက်ပေါက်ရှာ သွားလာနေကြတာဖြစ်ပြီး အခုလို ဖမ်းဆီးတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်လို့ ရိုဟင်ဂျာလူငယ် အစည်းအရုံး ဒါရိုက်တာ ဦးခင်မောင်က RFA ကို ပြောပါတယ်။

“ရခိုင်မှာရှိတဲ့ ရိုဟင်ဂျာတွေရော၊ အခု ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေရော ဘယ်လိုမှ အဆင်မပြေကြဘူး။ အဲဒါကြောင့်မို့ သူတို့ထွက်ပေါက်ရှာပြီး သွားနေတဲ့ ကြားမှာ သူတို့ဖမ်းပြီးတော့ ထောင်ချနေ တာက မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ။ သူတို့ကို မလေးရှားနိုင်ငံကို မသွားစေချင်ဘူးဆိုရင် မူလဒေသမှာ လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့်နဲ့ ကျန်းမာရေး၊ ပညာရေးကအစ ကူညီပေးဖို့လိုတယ်။ အဲဒီလို လုပ်မပေးဘဲ အခုလို ဖမ်းဆီးထောင်ချတာက သူတို့လူ့အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ပါတယ်”

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း စစ်တွေမြို့နယ် အောင်တိုင်ရွာမှာ မလေးရှားနိုင်ငံ ကိုသွားမယ့် ရိုဟင်ဂျာ ၅၆ ဦး ဖမ်းဆီးခံခဲ့ရပြီး လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အမှုဖွင့် ခံထားရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာတော့ ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ တွေကို နေရပ် ပြန်ပို့လေ့ရှိပေမယ့် လက်ရှိစစ်ကောင်စီကတော့ လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေနဲ့ အရေးယူ ထောင်ချနေတယ်လို့ ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေက RFA ကို ပြောဆိုထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီအထိ ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးရင်း ရခိုင် ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနဲ့ မွန်ပြည်နယ်တို့မှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာ နှစ်ထောင် နီးပါး ရှိပါတယ်။

အဲဒီအထဲက ရိုဟင်ဂျာ ၄၇၈ ဦးကိုတော့ စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ ထောင်နှစ်နှစ်ကနေ ငါးနှစ်အထိ ချမှတ်ထားပါတယ်။  

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။