မောင်တောကိုပြန်လာတဲ့ ရိုဟင်ဂျာကလေးငယ်လေးဦး ဖမ်းဆီးစစ်ဆေးခံရ

RFA Burmese
2023.10.26
မောင်တောကိုပြန်လာတဲ့ ရိုဟင်ဂျာကလေးငယ်လေးဦး ဖမ်းဆီးစစ်ဆေးခံရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ နေရပ်ပြန်လာသောကြောင့် မောင်တောမြို့နယ်တွင် အဖမ်းခံခဲ့ရသည့် ရိုဟင်ဂျာလူငယ် လေးဦးကိုတွေ့ရစဥ်။
ရခိုင်နေ့စဥ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကို ပြန်ဝင်လာတဲ့ အသက် ကိုးနှစ်ကနေ ၁၆ နှစ်ကြား ရိုဟင်ဂျာကလေးငယ် လေးဦးကို အောက်တိုဘာ ၂၂ ရက်နေ့မှာ စစ်ကောင်စီ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့လေးဦးကတော့ အသက် ကိုးနှစ်အရွယ် မဆူဖီယာ၊ အသက် ၁၃ နှစ်အရွယ် မရူဖာမာ၊ အသက် ၁၄ နှစ်အရွယ် မဖူရုကျင်နာနဲ့ အသက် ၁၆ နှစ်အရွယ် မာမတ်အိုဝဲစ်တို့ဖြစ်ပါတယ်။

သူတို့အားလုံး မောင်တောမြို့နယ်မြောက်ပိုင်း ငန်း‌ချောင်းရွာဇာတိဖြစ်ပြီး ၂၀၁၇ ခုနှစ် သြဂုတ်လက စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် မိဘတွေနဲ့အတူ နယ်စပ်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံသွားတာပါ။

မိဘတွေက မောင်တောကို အရင်ပြန်ရောက်လာပြီး သူတို့က ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာ ကျန်နေခဲ့တာကြောင့် အခုပြန်လိုက်လာစဉ် အောက်တိုဘာ ၂၂ ရက်နေ့မှာ ဖမ်းဆီးခံရတာပါ။

ဒါပေမဲ့ ကလေးအားလုံး အသက် ၁၈ နှစ် မပြည့်သေးတာကြောင့် ရဲတပ်ဖွဲ့က အာမခံနဲ့ ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ငန်းချောင်းရွာသား ရိုဟင်ဂျာတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

“သူတို့ကို အသက်မပြည့်သေးဘူးဆိုပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ သူတို့က ၂၀၁၇ ခုနှစ် စစ်တပ်နယ်‌မြေရှင်းလင်းရေး ဖြစ်တဲ့ကာလတုန်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို မိဘတွေနဲ့အတူ ထွက်ပြေးသွားကြတဲ့ ကလေးတွေပါ။ မိဘတွေက ပြန်ဝင်လာတဲ့အချိန် အဲဒီကလေးတွေက ဒုက္ခသည်စခန်းမှာ ကျန်ခဲ့ကြတာ။ အခု မိဘတွေရှိတဲ့နေရာကို ပြန်လိုက်လာကြတာ ဖြစ်ပါတယ်”

ရိုဟင်ဂျာကလေး လေးဦးကို နှုတ်ကတိ ခံဝန်ချက်နဲ့ ပြန်လွှတ်တာလား၊ လဝက ဥပဒေနဲ့ တရားစွဲထားပြီး အာမခံနဲ့ ပြန်လွှတ်တာလားဆိုတာကိုတော့ သူ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒီကိစ္စ ထပ်မံသိရှိနိုင်ဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဖုန်းခေါ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ် စစ်ကောင်စီရဲ့ သတင်းစာဖြစ်တဲ့ ရခိုင် နေ့စဥ်သတင်းမှာတော့ အသက်မပြည့်သေးတဲ့ အဲဒီရိုဟင်ဂျာကလေးတွေ နေရပ်ပြန်လာတာကို ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ရဲစခန်းကို သတင်းပို့လာတဲ့အတွက် တရားဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ရေးစစ်ဆေးနေကြောင်း အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြထားပါတယ်။

အဲဒီကလေးတွေဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းမှာရှိတဲ့ ဆွေမျိုးတွေနဲ့အတူ ကျန်ရစ်ခဲ့ပေမယ့် နေထိုင်စားသောက်ရေး ခက်ခဲလာတာကြောင့် မိဘတွေရှိတဲ့ မောင်တောမြို့နယ် ငန်းချောင်းရွာကို နယ်စပ်ဖြတ်ပြီး ပြန်ဝင်လာတာလို့ သတင်းမှာ ရေးထားပါတယ်။

အောက်တိုဘာ ၁၉ ရက်နေ့ကလည်း မောင်တောမြို့နယ် ရွှေဇားကျေးရွာအနီးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်ဝင်လာတဲ့ အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာလူငယ် ဟာဆောင်းဂျူဟာရ် နယ်စပ်ဖြတ်ပြီး နေရပ်ပြန်လာချိန် အဖမ်းခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။