တပ်မတော်က ရိုဟင်ဂျာသမိုင်းကြောင်း ဓာတ်ပုံတွေ လိမ်ညာထားတယ်လို့ ရိုက်တာဖော်ပြ
2018.08.31

ရိုဟင်ဂျာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်က ဇူလိုင်လအတွင်း ထုတ်ဝေလိုက်တဲ့ “မြန်မာ့နိုင်ငံရေးနှင့် တပ်မတော် အပိုင်း-၁” စာအုပ်မှာ.. တခြားနိုင်ငံတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ဓာတ်ပုံအဟောင်းတွေကို ပြင်ဆင်ပြီး ရိုဟင်ဂျာတွေရဲ့ ရက်စက်မှုအဖြစ် လိမ်ညာဖော်ပြထားတယ်လို့ ရိုက်တာသတင်းဌာန ဖော်ထုတ်လိုက်ပါတယ်။
ဓာတ်ပုံအစစ်နဲ့ ပြင်ဆင်ထားတဲ့ပုံတွေ ဆိုပြီး မူရင်း ဓာတ်ပုံသုံးပုံနဲ့အတူ တစ်ပုံချင်း ယှဉ်ပြပြီး ရိုက်တာသတင်းဌာနက ဖော်ပြထားတာပါ။
၁၉၄ဝ ပြည့်လွန်ကာလက ရခိုင်ပြည်နယ်မှာ “ဘင်္ဂါလီများ ဒေသခံ တိုင်းရင်းသားများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပုံ” ဆိုပြီး ဖော်ပြထားတဲ့ပုံဟာ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲကာလအတွင်း ပါကစ္စတန်တပ်ဖွဲ့တွေက ဘင်္ဂါလီတွေကို သတ်ဖြတ်နေတဲ့ပုံ ဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဓာတ်ပုံအထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။
နောက်ထပ်ဓာတ်ပုံ တပုံမှာတော့ ၁၉၉၆ ခုနှစ်က ဟူတူမျိုးနွယ်စုတွေ ရဝမ်ဒါနိုင်ငံကနေ တန်ဇန်းနီးယားနိုင်ငံကို ထွက်ပြေးလာတဲ့ပုံကို ပြင်ဆင်ပြီး... “နယ်ချဲ့အင်္ဂလိပ်တို့ အောက်မြန်မာပြည်သိမ်းပိုက်ပြီးနောက် ဘင်္ဂါလီများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာပုံ” ဆိုပြီး ဖော်ပြထားတယ်လို့ ဆိုပါတယ်။
အလားတူ နောက်ထပ်တစ်ပုံမှာလည်း ၂ဝ၁၅ မေလ ၂၉ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အနီး မြန်မာ့ရေပိုင်နက်ထဲမှာ မြန်မာရေတပ်က ဖမ်းဆီးမိခဲ့တဲ့ လှေစီးဒုက္ခသည်တွေရဲ့ပုံကို ပြုပြင်ပြီး ဖော်ပြထားတာ တွေ့ရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။