ရိုဟင်ဂျာအရေး ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း
2024.09.25

သူ့နိုင်ငံအနေနဲ့ လက်ခံနိုင်တဲ့ အတိုင်းအတာ ရောက်ရှိသွားပြီဖြစ်တဲ့ အတွက် ရိုဟင်ဂျာအရေးကိစ္စကို ဖြေရှင်းပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ် စက်တင်ဘာ ၂၄ ရက်က ပြောကြားတဲ့ မိန့်ခွန်းမှာ တိုက်တွန်းလိုက်တာပါ။
ဒီပြဿနာကို သုံးသပ်ပြီး ဖြေရှင်းနိုင်တဲ့ အကြံသစ်တွေပေးဖို့ စီးပွားရေးပညာရှင်လည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်က တိုက်တွန်းပါတယ်။ တစ်ခါတစ်ရံ တိုက်ပွဲ ဖြစ်ပွားတာနဲ့ ရာဇဝတ်မှု မကင်းတဲ့ လှုပ်ရှားမှုတွေ အပါအဝင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေးအခြေအနေနဲ့ တည်ငြိမ်ရေး ပိုဆိုးဝါးလာတာ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံတည်းသာ မဟုတ်ဘဲ အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ကူးစက်ပါတယ်လို့ ဆိုပါတယ်။
ဒါကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ ရိုဟင်ဂျာအရေးညီလာခံကို တတ်နိုင်သမျှအမြန်ဆုံး ကျင်းပနိုင်ပါတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့ ပူးတွဲတုံ့ပြန်မှု အစီအစဉ်အား ဖြည့်ဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို တရားမျှတစေဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ နိုင်ငံတကာက အထောက်အကူပေးဖို့လည်း မိုဟာမက်ယူနွတ်က ကုလသမဂ္ဂမှာ ပြောကြားပါတယ်။