ရမည်းသင်းမှာ ချောင်းကမ်းပါးပြိုပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ

RFA Burmese
2024.09.22
ရမည်းသင်းမှာ ချောင်းကမ်းပါးပြိုပြီး အမျိုးသမီးတစ်ဦး သေဆုံး၊ ၁၁ ဦး ဒဏ်ရာရ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမြေပြိုမှုကြောင့် ပျက်စီးသွားသည့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သပြေပင်ရွာမှ နေအိမ်များကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ရစဥ်။
Citizen Photo

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကင်းရွာမှာ စက်တင်ဘာလ ၂၁ ရက်နေ့က ချောင်းကမ်းပါး ပြိုကျတာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ် ၁၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတွေ ချောင်းအတွင်း တစ်နိုင်တစ်ပိုင် ရွှေကျင်နေစဉ် ကမ်းပါးပြိုကျလာတာကြောင့် လူအုပ်လိုက် ပိမိပြီး သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်ခဲ့တာလို့ အဲဒီဖြစ်ရပ်ကို သိရှိတဲ့ ရမည်းသင်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ၃ နာရီလောက်မှာ ဖြစ်သွားတာ။ သူတို့က ချောင်းထဲမှာ ရွှေရှာရင်းနဲ့ ရေတိုက်စားပြီး ချောင်းကမ်းပါး ပြိုကျလာတာ။ အမျိုးသမီး တစ်ယောက် သေဆုံးတယ်။ အဲဒီနား ပတ်၀န်းကျင်ကသူတွေ အကုန် ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက မြေပိပြီး ပေါင်ကျိုးတယ်။ လက်ကျိုးတယ်"

သေဆုံးသူဟာ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ဒဏ်ရာရသူတွေကိုတော့ ရမည်းသင်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ ရမည်းသင်းမြို့နယ် အရှေ့ဘက်ခြမ်းက တောင်ပေါ်ရွာတွေနဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးတစ်၀ိုက်က ရွာတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ခုနစ်ဆယ်ခန့်ရှိခဲ့ပြီး ပျောက်ဆုံးနေသူ ရာနဲ့ချီ ရှိနေပါတယ်။

မန္တလေးတိုင်းက ရေကြီးရေလျှံမှုမှာ လူပေါင်း ၁၃၄ ဦး သေဆုံးခဲ့တဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။