ရေဇွာမြို့မှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး

RFA Burmese
2024.04.26
ရေဇွာမြို့မှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး ရေဇွာမြို့အဝင်နေရာအား တွေ့ရစဉ်။
Citizen Journalist

ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့ လောင်းရဲရပ်ကွက်မှာ ဧပြီလ ၂၅ ရက်နေ့က ကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိရာမှာ ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ ၁၃ နှစ်အရွယ် မောင်ဘွေနိုင်လျန်ဖြစ်ပြီး မိုင်းပေါက်ကွဲတဲ့နေရာမှာတင် သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မိုင်းနင်းမိတာလို့ ယူဆရတယ်။ အဲဒီရပ်ကွက်က အရင်စစ်ကောင်စီတပ်စခန်းနဲ့လည်း နီးတယ်။ စစ်ကောင်စီတွေက မိုင်းတွေလည်း ထောင်လေ့ ရှိတယ်ဆိုတော့လေ။ ကလေးကတော့ ရင်ဘတ်နဲ့ ခြေထောက်ထိပြီး ပွဲချင်းပြီးဆုံးသွားတယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ရေဇွာမြို့ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ CDF - Zotung နဲ့ ချင်းဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီနောက် မြို့နဲ့အနီးတစ်ဝိုက်မှာ မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေသလို မိုင်းအန္တရာယ်ရှိနေတဲ့ နေရာတချို့ကိုလည်း ဒေသခံတွေ မသွားလာကြဖို့ ထားမြစ်ထားကြောင်း CDF – Zotung တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ ၁၈၈ ဦးနဲ့ ဒဏ်ရာရသူ ၈၆၄ ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။