ပေါင်မြို့နယ်မှ ပုဂ္ဂလိက ကျောက်မိုင်း ဒေသခံများ ကန့်ကွက်


2016.04.03

မွန်ပြည်နယ် ပေါင်မြို့နယ်မှာရှိတဲ့ ဥတ္တံတားကျေးရွာအနီးမှာ Long Life Aggregate Mining ကုမ္ပဏီက ကျောက်မိုင်းထုတ်လုပ်နေတာကို ဒေသခံတွေက ကန့်ကွက်ကြောင်း ဒီနေ့ ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

ကုမ္ပဏီတာဝန်ရှိသူတွေက ဥတ္တံတားကျေးရွာက ဘီလူးမဘုန်းကြီးကျောင်းမှာ ဒေသခံတွေနဲ့ လာရောက်တွေ့ဆုံတာဖြစ်ပြီး ကျောက်မိုင်း ထုတ်လုပ်မှုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု နည်းကြောင်း ရှင်းပြရာမှာ ဒေသခံတွေက ကန့်ကွက်ကြတာဖြစ်တယ်လို့ အဲ့ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဥတ္တံတားကျေးရွာ သား ကိုဇော်ထွေး က ပြောပါတယ်။

"သူတို့ရဲ့ရှင်းပြချက်လည်းမပြီးဘူး၊ ကုမ္ပဏီက ရှင်းပြချက်လည်းမပြီးဘူး၊ ပြည်သူလူထုတွေက လက်မခံနိုင်တဲ့အနေအထားတွေဖြစ်ပြီးတော့လေ၊ သူတို့ရဲ့ ရှင်းပြချက်တွေက ကုမ္ပဏီထိခိုက်တာတွေ ဘာတစ်ခုမှမတွေ့ဘူး၊ ဒါပေမဲ့ ပွဲကမပြီးလိုက်ဘူး၊ နည်းနည်းလေးပဲပြောလိုက်ရတယ်၊ ရွာသားတွေကလက်မခံဘူး၊ ထပြီးသောင်းကျန်းကြတယ်"

Long Life Aggregate Mining ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကတည်းက ဥတ္တံတားကျေးရွာအနီးက ကုလားမတောင်မှာ ကျောက်မိုင်းထုတ်လုပ်နေတာဖြစ် ပါတယ်။

ဒီနေ့ တွေ့ဆုံပွဲကို ဒေသခံ ၂၀၀နီးပါးတက်ရောက်ခဲ့ပြီး အားလုံးက ကျောက်မိုင်း ထုတ်လုပ်မှုကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

အဲဒီကျောက်မိုင်းကြောင့် ကျေးရွာရဲ့သောက်သုံးရေနဲ့ လယ်ယာမြေ၊ ဥယျာဉ်တွေ အတွက် လိုအပ်တဲ့ ရေအရင်းအမြစ်တွေ ပျက်စီးသွားစေသလို ချောင်းတွေ မှာလည်း သဲတွေဖုန်းလွှမ်းနေတယ်လို့ ရွာသားတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။