တနင်္သာရီတိုင်းအစိုးရက သတ္ထုကုမ္ပဏီ ၂ ခုကို တူးဖေါ်ခွင့် ရပ်ဆိုင်း


2016.07.20
heindar-mine-620.jpg တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲမှာရှိတဲ့ ဟိန္ဒားသတ္တုတွင်း လုပ်ငန်းခွင်တစ်နေရာကို တွေ့ရစဉ်
Photo: Kyaw Lwin Oo/ RFA

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်မှာ သတ္တုတူးဖော်နေတဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီနဲ့ အရှေ့တိုင်း သတ္ထုမိုင်းကုမ္ပဏီကို တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ္ထုတူးဖော်ခွင့် ယာယီရပ်ဆိုင်းလိုက်ပါတယ်။

အဲ့ဒီကုမ္ပဏီနှစ်ခုဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပြဌာန်းထားတဲ့ သတ္ထုတွင်း ဥပဒေကို မလိုက်နာတာကြောင့် ယာယီရပ်ဆိုင်းခိုင်း ထားတာလို့ တိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် က ပြောပါတယ်။

"သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ သတ္ထုတွင်းက ဥပဒေတွေ နည်းဥပဒေတွေ ပြီးတော့ စာချုပ်ချုပ်တုန်း က စာချုပ်ပါစည်းမျဉ်းစည်းကမ်းတွေ လိုက်နာရမယ့်ဟာတွေ တချို့ရှိလို့ပါ၊ ဥပမာ ရေဆိုးစွန့်ပစ်တဲ့အပိုင်းတွေ မှာ ရေကြည်ခံပြီးတော့မှ မြစ်တွေချောင်းတွေထဲကို စွန့်ပစ်ရမယ့်တာဝန်ရှိတယ်လေ၊ အဲ့ဒါတွေနဲ့ပတ်သက်လို့ သူတို့လုပ်စရာနည်းနည်းပါးပါးရှိလို့ပါ၊ ထိခိုက်တဲ့ပုံစံမျိုး မဖြစ်စေချင်ဘူးလေ၊ အတိုင်းအတာတစ်ခုအထိ အန္တရာယ် ကင်းတဲ့ ချောင်းအနေအထားလောက်အထိရောက်အောင် သူတို့ကို ကျနော်တို့က စီစဉ်ညွှန်ကြားတာပါ"

အဲ့ဒီသတ္ထုတူးဖော်ရေးကုမ္ပဏီ ၂ ခုကို တိုင်းဒေသကြီးအစိုးရအဖွ့ဲက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် ဆောင်ရွက်ဖို့ ပြီးခဲ့ဲတဲ့မေလကုန်က သတိပေးစာပို့ခဲ့ပေမယ့် ကုမ္ပဏီတွေဘက်က လိုက်နာမှုမရှိ တာကြောင့် တူးဖော်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

ရပ်ဆိုင်းခံရတဲ့ကာလကို အတိအကျသတ်မှတ်ထားခြင်းမရှိဘဲ ကုမ္ပဏီတွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက် စီးစေတဲ့ ရေဆိုးထုတ်မြောင်းတွေကို ပြန်လည်ပြုပြင်ပေးရမှာဖြစ်တယ်လို့ ဝန်ကြီး ဦးမြင့်မောင်က ပြောပါတယ်။

သတ္ထုတူးဖော်ရေးကုမ္ပဏီတွေက စွန့်ပစ်လိုက်တဲ့ရေဆိုးတွေဟာ အနီးအနားကျေးရွာတွေ အသုံးပြုနေ တဲ့ ချောင်းမြောင်းတွေထဲ ဝင်ရောက်နေတဲ့ အတွက် ရေမသန့်ရှင်းတာတွေ ချောင်းတိမ်ကောတာတွေ ရေရှားပါး မှုတွေ ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြန်မာပွန်ပီပက်ကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၁၉၉၇ ခုနှစ်လောက်ကတည်းက ဟိန္နားသတ္တုတွင်းမှာ တူးဖော်နေတာဖြစ်ပြီး အရှေ့တိုင်းကုမ္ပဏီက ဘဝပင်သတ္တုမိုင်းမှာ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ စတင်တူးဖော်ခဲ့တာဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် က သူတာဝန်ယူမယ့်ကာလအတွင်း တိုင်းအတွင်းမှာ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်စေမယ့် သတ္တုမိုင်း တူးဖော်မယ့် ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပြုပေးမှာ မဟုတ်ကြောင်း ပြောကြား ထားပါတယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စိစစ်မှုတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် ကို RFA သတင်းထောက် ကိုကျော်လွင်ဦး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။