ဟိန္ဒားသတ္ထုမိုင်းကိစ္စ ဒေသခံတွေ သတင်းစာရှင်းလင်း


2016.12.21
heainda-mine-press-620.jpg ဟိန္ဒားသတ္ထုမိုင်းကိစ္စ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Orchid Hotel မှာ ဒီဇင်ဘာလ ၂၁ ရက်နေ့ကကျင်းပစဉ်
Photo: Kaung Htet Kyaw/ RFA

ထိုင်းနိုင်ငံက လာရောက်လုပ်ကိုင်တဲ့ မြန်မာပွန်ပီပက်ကုမ္ပဏီရဲ့ ဟိန္ဒားသတ္ထုစီမံကိန်းဟာ တိုင်းဒေသကြီးအစိုးရအဖွဲ့ က ယာယီရပ်ဆိုင်းထားဖို့ ညွှန်ကြားထားပေမယ့် ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါ တယ်။

ဒီကနေ့ ရန်ကုန်မြို့ Orchid Hotel မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေသခံတွေကို ကိုယ်စားပြု ပေးနေတဲ့ Dawei Pro Bono Lawyers Network အဖွဲ့ဝင် မအေးမွန်သူ က ပြောတာဖြစ်ပါတယ်။

"သူတို့လုပ်နေတဲ့ဟာကို ရွာသားတွေက ဗီဒီယိုမှတ်တမ်း၊ ဓါတ်ပုံတွေနဲ့ ယူထားတာရှိပါတယ်၊ အဲဒီလိုသွားယူတဲ့ အချိန်ဆိုရင် သူတို့ချက်ချင်းရပ်လိုက်ပါတယ်၊ နောက်ဝန်ကြီးလာစစ်တော့မယ်လို့ သတင်းကြားရင် သူတို့လုပ်ငန်း က ရပ်လိုက်တယ်ပေါ့နော်၊ ရပ်ခိုင်းထားတဲ့ကာလအတွင်းမှာ သူတို့ဒီလိုမျိုးလုပ်ဆောင်နေတဲ့ဟာတွေရှိပါတယ်"

တနင်္သာရီတိုင်းဒေသကြီးမှာ တရားဝင်သသတ္ထုတူးဖော်ခွင့်ရထားတဲ့လုပ်ငန်း ၈ ခုရှိပြီး အဲဒီအထဲက သဘာဝပတ် ဝန်းကျင်နဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ရေဆိုးစွန့်ပစ်တဲ့ ဟိန္ဒားသတ္ထုတွင်း၊ အရှေ့တိုင်းသတ္ထုတွင်း နဲ့ ဝေသတ္ထုတွင်းတွေကို လုပ်ငန်းလည်ပတ်ခွင့် ယာယီရပ်ဆိုင်းထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထား တာဖြစ်ပါတယ်။

ဟိန္ဒားသတ္ထုတွင်းကြောင့် ဒေသခံတွေရဲ့ လယ်မြေတွေ ပျက်စီးကုန်ပြီး နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေ ကျပ်သိန်း ၃ ထောင်ကျော်ပေးဖို့ သတ္ထုတွင်းနားက မြောင်းပြိုရွာသား ၉ ဦးက ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ ထားဝယ် ခရိုင်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။

အဲဒီအမှုကို ပလပ်လိုက်တဲ့အတွက် အဲဒီအမှုဟာ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အယူခံဆိုင်ရာ အထူးရုံးမှာ ဒေသခံတွေက အယူခံတင်ထားပါတယ်။

လယ်ယာမြေတွေက ကွင်းပြင်တွေဖြစ်နေပြီး သတ္ထုမိုင်းစီမံကိန်းတွေကြောင့် ဒေသခံတွေ သောက်သုံးရေအတွက် လည်း အခက်အခဲတွေဖြစ်နေတယ်လို့ မအေးမွန်သူ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။