ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ပေးဖို့ ကျောက် သမားတွေတောင်းဆို


2016.07.18
jade-ticket-620.jpg ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့တောင်းဆိုတဲ့ လက်မှတ်တွေကို ဇူလိုင်လ ၁၈ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင်ပြီး ကောက်ခံနေစဉ်
Photo: Hset Paing Toe/ RFA

ကျောက်စိမ်းတူးဖော်မှု ယာယီရပ်ဆိုင်းပေးဖို့နဲ့ တရားမဝင်ပြည်ပ တင်ပို့မှုတွေကို တားဆီးပေးဖို့ အတွက် အစိုးရ ထံတောင်းဆိုမယ့် လက်မှတ်တွေကို မန္တလေးမြို့မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ဦးဆောင်ပြီး မန္တလေး၊ စစ်ကိုင်း နဲ့ ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ကောက်ယူနေပါတယ်။

ပြည်တွင်းကျောက်မျက်ဈေးကွက် ပြန်လည်ဦးမော့လာစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီ က ပြန်ကြားရေးတာဝန်ခံ ဦးကျော်ကျော်ဦး က ပြောပါတယ်။

"ကျနော်တို့အနေနဲ့က ဇွတ်ထိုးခိုင်းတာမဟုတ်ဘူး၊ ကျနော်တို့က ဒီမှာဘယ်အချက်နှစ်ချက်နဲ့ ကောက်ပါ တယ်၊ ကောက်တဲ့အချက်နှစ်ချက်အပေါ်မှာ ဖတ်ကြည့်ပါဦး၊ တကယ့်ဖြစ်တဲ့သူပဲ လက်မှတ်ယူတယ်၊ နမော်နမဲ့ လာထိုးဆိုပြီးတော့ မလုပ်ဘူး"

အဲ့ဒီကော်မတီက ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကစပြီး လက်မှတ်တွေကို ကျောက်စိမ်းဈေးတွေမှာ စတင်ကောက် ခံနေရာ လက်ရှိအချိန်ထိ မန္တလေးမြို့မှာ လက်မှတ်ပေါင်း တစ်သိန်းနီးပါးရရှိထားပြီး စစ်ကိုင်းနဲ့ ဖားကန့်မှာလည်း ဆက်လက်ကောက်ခံနေတယ်လို့ ပြောပါတယ်။

တရားဝင်ကျောက်စိမ်းရောင်းဝယ်မယ်ဆိုရင် နိုင်ငံတော်ကို ကျောက်တန်ဖိုးရဲ့ အခွန်ငွေစုစုပေါင်း ၂၈ ရာ ခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး အဲ့ဒီအခွန်ငွေကို မပေးလို ကြတဲ့ ကျောက်ကုန်သည်တွေဟာ တရားမဝင်ဈေးကွက် ကနေတဆင့် တရုတ်ပြည်ကို တင်ပို့နေကြတာဖြစ်ပါတယ်။

နိုင်ငံတော်အနေနဲ့ အခွန်တိမ်းရှောင်သူတွေကို တရားဝင်လမ်းကြောင်းပေါ် ရောက်ရှိလာအောင် လုပ်ဆောင်ပေးဖို့ တနိုင်တပိုင် ပြည်တွင်းကျောက်မျက် လုပ်ငန်းရှင်တွေက တောင်းဆိုကြတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၂ ခုနှစ်က ဖားကန့်ဒေသမှာ နယ်မြေမအေးချမ်းတဲ့အတွက် ကျောက်စိမ်းတူးဖော်မှုတွေကို တစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့တဲ့အတွက် ပြည်တွင်းကျောက်စိမ်းဈေးကွက်မှာ အရောင်းအဝယ်တွေမြင့်တက် ခဲ့ပြီး ဈေးကောင်းရရှိခဲ့ကြပါတယ်။ ပြည်တွင်းကျောက်စိမ်းဈေးကွက် မြင့်တက်လာဖို့အတွက် ကျောက်စိမ်းတူးဖော်နေမှု ကိုလည်း ယာယီရပ်ဆိုင်းပေးစေလိုကြပါတယ်။

ပြည်တွင်းကျောက်စိမ်းဈေးကွက်ကို မှီခိုလုပ်ကိုင်နေသူအရေအတွက်ဟာ မန္တလေးမြို့မှာ ၂ သိန်းကျော်၊ စစ်ကိုင်းမြို့ မှာ ၅ သောင်းခန့်နဲ့ ဖားကန့်ဒေသမှာ ၇ သိန်းကျော်အထိ ရှိတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။